ဖာဘင်ညိုက အသင်းပြောင်းခွင့် တောင်းခံပြီး ဆက်လက် အားထုတ်ပေးလိုခြင်း မရှိရင် ၂ ဦးလုံးကို ထွက်ခွင့်ပေးဖို့ ကလော့ပ် ခွင့်ပြု

ဂျာမနီ ရာသီကြို လေ့ကျင့်ရေးကို လွဲချော်သွားတဲ့နောက် ဖာဘင်ညိုဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမယ့် လမ်းကြောင်းပေါ် ရှိနေပြီ ဖြစ်ပါတယ်။

သောကြာနေ့ ညနေပိုင်းမှာပဲ လီဗာပူးအသင်းဟာ ဆော်ဒီကလပ် Al-Ittihad အသင်းထံကနေ ပေါင် သန်း ၄၀ ဝန်းကျင်ရှိမယ့် တရားဝင် ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း အသင်းနဲ့ နီးစပ်တဲ့ The Telegraph သတင်းထောက် Chris Bascombe က ဖော်ပြခဲ့ပါတယ်။

အကယ်လို့ ဒီကနေ့ နောက်ဆုံးထားပြီး ဆော်ဒီဘက်က ကမ်းလှမ်းမှု မပေးရင် ဖာဘင်ညိုကို ရာသီကြို လေ့ကျင့်ရေးအတွက် ဂျာမနီကို ခေါ်ယူသွားဖို့ လီဗာပူးဘက်က ရည်ရွယ်ထားခဲ့တာပါ။

ဖာဘင်ညို ကိုယ်တိုင်ကပဲ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီဘက်က တန်ကြေးကြီးတဲ့ ကမ်းလှမ်းချက်တွေကို သဘောတူညီခဲ့ကြောင်းနဲ့ သူအသင်းပြောင်းလိုကြောင်း လီဗာပူးကို အကြောင်းကြားခဲ့ပါတယ်။ သူ့အတွက် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရမယ်လို့ လီဗာပူးဘက်က ယုံကြည်ထားပါတယ်။

ကလော့ပ်ကတော့ ဖာဘင်ညိုကို ပေးမထွက်လိုပေမယ့် ကလပ်အတွက် အားထုတ်ပေးလိုစိတ် မရှိတော့တဲ့ ကစားသမားတွေကို ဆက်ဆွဲထားမှာ မဟုတ်ပါဘူး။ ဖာဘင်ညိုအပြင် ဟန်ဒါဆန်အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် ထွက်ခွင့်ပေးဖို့ ကလော့ပ်က ခွင့်ပြုထားပါတယ်။

လက်တလောမှာ မာဆေးဆိုဒ်ကလပ်ဟာ ဖာဘင်ညို နေရာ အစားထိုးဖို့ ကစားသမား ရှာဖွေနေပြီဖြစ်ကာ ဆောက်သမ်တန် ဆယ်ကျော်သက်လေး ရိုမီယို လာဗီယာနဲ့ ရေပန်းစားလာပါတယ်။

ကလော့ပ်ကတော့ ပိုမို အတွေ့အကြုံရှိတဲ့ ကွင်းလယ်လူမျိုး ရလိုနေကာ ချယ်ဆီးနဲ့ ရေပန်းစားနေတဲ့ ကိုင်ဆီဒိုကိုတော့ အသင်းဘက်က ချိတ်ဆက်နေခြင်း မရှိဘဲ အခြားသော ပစ်မှတ်တွေကနေ ရှာဖွေနေပြီ ဖြစ်ပါတယ်။