လီဗာပူးအသင်းက ချူအာမီနီကို ခေါ်ယူနိုင်မယ့် လမ်းကြောင်း တစ်ခု ကျန်ရှိနေပါသေးတယ်

လီဗာပူးအသင်းဟာ ဖာဘင်ညို နေရာ အစားထိုးဖို့ လူသစ် ရှာနေကာ အတွေ့အကြုံရှိ ကွင်းလယ်လူသစ်ဖြင့် အားဖြည့်ဖို့ကို စိတ်ဝင်စားနေပါတယ်။

ဒီနွေစျေးကွက်အတွင်း လီဗာပူးဘက်က ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို ပြန်လည် ကြိုးစားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး ချူအာမီနီ ကိုယ်တိုင်ကတော့ သူ့အနာဂတ်ကို ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေဖို့ မြင်ထားပါတယ်။

မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိတာနဲ့အတူ FFP စည်းမျဉ်းနဲ့ ကင်းလွတ်ရလေအောင် နည်းလမ်းရှာနေပါသေးတယ်။ ဒါကြောင့် လီဗာပူးအသင်း အနေနဲ့ ချူအာမီနီကို အငှားဖြင့် ကမ်းလှမ်းကြည့်ဖို့ ထောက်ပြမှု ထွက်ပေါ်နေပါတယ်။

ဒီနွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူခဲ့တာနဲ့အတူ ရီးရဲလ်မက်ဒရစ် ကွင်းလယ်မှာ အင်္ဂလန်သားဟာ မိုဒရစ်၊ တိုနီခရုစ်တို့အပြင် ကွင်းလယ်မှာ ကစားလိုနေတဲ့ ကာမာဗင်ညာနဲ့ နေရာလုရမှာပါ။ နည်းပြအန်ဆယ်လော့တီဟာ သူ့ရဲ့ ကွင်းလယ်မှာ ချူအာမီနီကို ပုံမှန်ပွဲကစားခွင့် ပေးခြင်း မရှိပါဘူး။

ချူအာမီနီဘက်က ၂၀၂၄ မှာ အီတလီသား နည်းပြနဲ့အတူ မိုဒရစ်နဲ့ ခရုစ် ထွက်ခွာသွားချိန် ရီးရဲလ်မက်ဒရစ် ကွင်းလယ်မှာ နေရာရလိုမှာဖြစ်ကာ အဲ့မတိုင်ခင် လီဗာပူးမှာ သူ့ရဲ့ အရည်အချင်းကို သက်သေလာပြလို့လည်း ရနိုင်ပါတယ်။

အကယ်လို့ ရာသီကုန်မှ ရီးရဲလ်မက်ဒရစ်ဘက်က ရောင်းထုတ်ဖို့ ဆန္ဒမရှိရင် ပြန်ပို့လိုက်ဖို့ဖြစ်ပြီး အပြီးသတ် ထွက်ခွင့်ပြုရင်လည်း ယူရို သန်း ၈၀ ဝန်းကျင်ဖြင့် ခေါ်ယူဖို့ ဖြစ်ပါတယ်။

ဒါဟာ ကွင်းလယ်ခံစစ်သမား ရလိုနေတဲ့ လီဗာပူးအတွက်ကော၊ ပွဲကစားခွင့် ရလိုမယ့် ချူအာမီနီအတွက်ပါ အဆင်ပြေမယ့် လမ်းကြောင်းတစ်ခု ဆိုပေမယ့် မေးခွန်းတစ်ခုက ကစားသမားဘက်က အင်္ဂလန်လိဂ်ကို ပြောင်းလာဖို့ စိတ်ဝင်စားပါ့မလားပဲ ဖြစ်ပါတယ်။