

လီဗာပူးအသင်းနဲ့ ဆော်ဒီကလပ် Al Ettifaq အသင်းတို့ဟာ ဂျော်ဒန် ဟန်ဒါဆန် ကိစ္စကို အဖြေရှာဖို့ ဆက်လက် ဆွေးနွေးခဲ့ကြတယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Neil Jones က ဆိုပါတယ်။
စနေ၊ တနင်္ဂနွေနေ့တွေအတွင်း လီဗာပူးနဲ့ ဟန်ဒါဆန်ရဲ့ ကိုယ်စားလှယ်တွေဟာ အပြောင်းအရွှေ့ ကိစ္စ ဖြေရှင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအချိန်အတွင်း ကစားသမားကတော့ ဂျာမနီကို လိုက်ပါသွားပြီး အသင်းနဲ့ ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
ဟန်ဒါဆန်ဘက်ကတော့ ဆော်ဒီကလပ်ကို ၃ နှစ် သွားကစားဖို့ သဘောတူထားပြီ ဖြစ်ပါတယ်။ လာမယ့်ရာသီ သူ့ရဲ့ ပွဲကစားချိန်တွေ အတော်လေး နည်းပါးသွားတော့မှာ ဖြစ်သလို အသက် ၃၃ နှစ်အရွယ် ရောက်နေပြီမို့ ဟန်ဒါဆန်ဘက်က စိန်ခေါ်မှု အသစ်တွေကို လက်ခံဖို့ စဉ်းစားခဲ့ပါတယ်။
ဆော်ဒီကလပ်ဟာ ဟန်ဒါဆန်ကို တစ်နှစ်လုပ်ခ ပေါင် ၃၆ သန်းနဲ့ ၃ နှစ်စာချုပ်ပေးဖို့ အဆင်ပြေပေမယ့် လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင် ပေးဖို့တောင် တွန့်ဆုတ်နေခဲ့တာပါ။
အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကိစ္စအတွက် အဖြေရှာရာမှာ ဟန်ဒါဆန်ဟာ Al Ettifaq မှာ သူရမယ့် အကျိုးခံစားခွင့် အချို့ကို စွန့်လွှတ်ဖို့ သဘောတူခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဘက် ကိုယ်စားပြု သတင်းထောက်တွေက ဆိုပါတယ်။
ဂျာမနီ ရာသီကြို ပြင်ဆင်မှုမှာ ဟန်ဒါဆန်ကို အမြဲတမ်း ဖုန်းနဲ့တွဲတွေ့နေခြင်းက အပြောင်းအရွှေ့ ကိစ္စ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်နေတာကြောင့်လို့ သုံးသပ်ချက်အချို ရှိပါတယ်။ ဒီနေ့ခေတ်မှာ ဖုန်းမကိုင်တဲ့သူ မရှိတာမို့ ဒီသုံးသပ်ချက်က သိပ်တော့ မခိုင်မာပါဘူး။
လီဗာပူးနဲ့ ဆော်ဒီကလပ်ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့မယ်ဆိုရင် ဟန်ဒါဆန်ဟာ ဆော်ဒီကလပ်ရဲ့ ရာသီကြို ပြင်ဆင်နေမှုထံ တိုက်ရိုက် ကူးသွားပြီး ခရိုအေးရှားမှာ ဆေးစစ်ဖို့ ပြင်ဆင်ထားပါတယ်။