ဖာဘင်ညိုကို ခေါ်ယူတဲ့ ဆော်ဒီကလပ်ရဲ့ နောက်ကွယ်မှာ နယူးကာဆယ် ပိုင်ရှင်တွေ ရှိနေပါတယ်

လီဗာပူးအသင်းဟာ ဖာဘင်ညို အပြောင်းအရွှေ့ ကိစ္စအဖြစ် ဆော်ဒီကလပ် Al-Ittihad အသင်းနဲ့အတူ ပေါင် သန်း ၄၀ တန် ကမ်းလှမ်းမှုကို စကားပြောနေပါတယ်။

သောကြာနေ့မှာပဲ ဆော်ဒီပရိုလိဂ် ချန်ပီယံအသင်းက ဘရာဇီး လက်ရွေးစင်အတွက် လီဗာပူးအသင်းထံ ကမ်းလှမ်းမှု ဝင်ခဲ့တာပါ။ အဲ့မတိုင်ခင်မှာ ဆော်ဒီကလပ်က ဖာဘင်ညိုရဲ့ ကိုယ်စားလှယ်တွေကို ချဉ်းကပ်ခဲ့ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားခဲ့ပါတယ်။

ဖာဘင်ညိုက ဂျာမနီခရီးစဉ်ကို လိုက်ပါရလည်း ကိစ္စမရှိပေမယ့် သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီဘက်က ကမ်းလှမ်းမှုကို လက်ခံထားတဲ့ အကြောင်း လီဗာပူးအသင်းကို အကြောင်းကြားခဲ့ပါတယ်။

အသင်းတာဝန်ရှိသူတွေက နည်းပြအဖွဲ့ရဲ့ သဘောထားကို တောင်းခံခဲ့တယ်။ ကလော့ပ်ကပဲ အသင်းအတွက် အားထုတ်ပေးဖို့ ရည်ရွယ်ချက် မရှိတော့တဲ့ ကစားသမားကို လိုအပ်ရင် ရောင်းထုတ်နိုင်ကြောင်း ကလပ်တာဝန်ရှိသူတွေကို အကြောင်းပြန်ခဲ့ပါတယ်။

ဂျာမနီ ခရီးစဉ်မှာ ဖာဘင်ညိုကို ချန်ခဲ့ခြင်းနဲ့အတူ လီဗာပူးနဲ့ ဆော်ဒီကလပ်တို့ဟာ ငွေပေးချေမှု ပုံစံတွေ အပါအဝင် အသေးစိတ် ကိစ္စတွေကို ဆက်လက် ဆွေးနွေးခဲ့ပါတယ်။ Al-Ittihad အသင်းဟာ ပြီးခဲ့တဲ့ လကပဲ ရင်းနှီးမြုပ်နှံမှုအဖွဲ့ PIF က ရှယ်ယာ ဝယ်ယူခဲ့တဲ့ ဆော်ဒီကလပ် ၄ သင်းထဲက တစ်သင်းဖြစ်ပါတယ်။

PIF ဟာ ဆော်ဒီအာဏာပိုင်တွေ နောက်ခံရှိတဲ့ ရင်းနှီးမြုပ်နှံမှု အဖွဲ့ဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ နယူးကာဆယ်အသင်း ပိုင်ရှင်တွေအဖြစ် လူသိကြပါတယ်။ ဖာဘင်ညိုကိုတော့ ဝုဗ်နည်းပြဟောင်းနဲ့ လက်ရှိ Al-Ittihad အသင်းနည်းပြ နူနို ဆန်တိုစ့်က အလိုရှိတာမို့ ခေါ်ယူဖို့ ကြိုးစားတာလို့ သိရတယ်။

ဒီနွေစျေးကွက်မှာ လီဗာပူးအသင်းက ဖာဘင်ညိုကို လုံးဝ မရောင်းဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေအတွက် ထွက်ခွင့် တောင်းဆိုခဲ့ခြင်းနဲ့အတူ ၅ နှစ်ကြာ ရေစက်ဟာ မကြာခင်မှာ ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။