ဘယ်ခြမ်း အပိုင်သိမ်းထားမယ့် ဒီယက်စ်၊ ခြေစွာနေတဲ့ ဆယ်ကျော်သက်လေး၊ အန်ဖီးကွင်းဖွင့်ပွဲ နှောင့်နှေးဖွယ်ရှိခြင်း၊ လီဂူးဝမ်းမှာ ဆက်နေမယ့် သူရမ်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ဂျာမနီ ရာသီကြို ခရီးစဉ်မှာ ဗန်ဒုတ်ဟာ အတော်လေး ခြေစွာနေကာ နည်းပြကလော့ပ် ကိုယ်တိုင်က စကော့သားလေးရဲ့ လုပ်ပြနိုင်စွမ်းကို တော်တော် သဘောကျနေပါတယ်။

လူငယ် ညာအစွန်လူ ကယ်ဗင် ရမ်ဆေးဟာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှားဖြင့် တရားဝင် ရောက်ရှိသွားပါပြီ။

ယာဂင်ကလော့ပ် အလိုရှိခဲ့တဲ့ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ဟာကို ဝက်စ်ဟမ်းအသင်းက ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဖူလ်ဟမ်အသင်းက အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၈၀ ထိ လိုချင်နေပါတယ်။

ဂျာမနီက ရာသီကြိုမှာလည်း အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီ လိုက်ပါသွားပြီး လေ့ကျင့်မှုတိုင်းရဲ့ ဘေးမှာ အနီးကပ် ကြည့်ရှုနေပါတယ်။

အန်ဖီးကွင်းရဲ့ ပွဲကြည့်စင် တိုးချဲ့မှုဟာ မြို့ကောင်စီရဲ့ စစ်ဆေးချက်တွေ ရယူဖို့ လိုအပ်တာနဲ့အတူ ပွဲလက်မှတ် ရောင်းချမှုတွေ နောက်ဆုတ်ရနိုင်တာမို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ကို အိမ်ကွင်းမှာ တကယ်ပဲ ကစားနိုင်မလား မသေချာသေးပါဘူး။

ဒီယက်စ်ဟာ လေ့ကျင့်ရေးမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြသနိုင်နေတာကြောင့် ၃ ယောက်တန်း တိုက်စစ်ရဲ့ ဘယ်ခြမ်းမှာ ဂက်ပို၊ ဒါဝင်၊ ဂျိုတာတို့ကို ကျော်ပြီး နေရာရမယ်လို့ ကြားနေရပါတယ်။

Nice ကွင်းလယ်လူ သူရမ်ဟာ ဒီနွေမှာ အသင်းမပြောင်းဘဲ လီဂူးဝမ်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြပါတယ်။

လီဗာပူးအကယ်ဒမီ အသင်းသားဟောင်း ဘယ်အစွန်လူ လာရိုစီဟာ လီဂူးဝမ်းကနေ ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးအသင်းထံ အပြီးသတ် စာချုပ်ဖြင့် ရောက်ရှိသွားပါတယ်။

ဒဏ်ရာကြောင့် ၁၈ လကြာ အနားယူနေရတဲ့ ကိတ်ဂေါ်ဒန်ဟာ ပထမဆုံး လေ့ကျင့်ရေး ပြန်ဆင်းမှုကို မနေ့က ပြုလုပ်သွားပါတယ်။

ဂျာမနီ ခရီးစဉ်မှာ ကွင်းလယ်လူ မော်တန်ကို မခေါ်လာခဲ့တာက အင်္ဂလန်လူငယ်လေးမှာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာ နည်းနည်းရှိနေတာမို့ ပြန်လည် ထူထောင်ရေး ကိစ္စတွေ လုပ်ဆောင်နိုင်ရေး ခါဘီမှာ ချန်ခဲ့တာ ဖြစ်ပါတယ်။