NEWS: လိဒ်စ်ယူနိုက်တက်နဲ့ နက်ဖီးလစ်ကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိ၊ အစားထိုးဖို့ ခံစစ်မှူး ရှာထားတဲ့ လီဗာပူး

ခံစစ်မှူး နက်ဖီးလစ်ဟာ ချန်ပီယံရှစ်ကလပ် လိစ်ဒ်ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ကာ အသင်းပြောင်းဖို့ အဆင်သင့်​ ဖြစ်နေပါပြီ။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာဖို့ ပြင်ဆင်ထားကာ လိဒ်စ်နဲ့ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီမှု ယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိ လိစ်ဒ်ဘက်က လီဗာပူးအသင်းကို တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။

ဖီးလစ်အတွက် လီဗာပူးဘက်က ပေါင် ၁၀ သန်း အလိုရှိတာဖြစ်ပြီး အဆိုပါ ပြောင်းရွှေကြေးရခဲ့ရင် ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဂျာမနီကို လိုက်ပါသွားတဲ့ လူစာရင်းမှာ ဖီးလစ် ပါဝင်ခဲ့ပေမယ့် ရာသီကြို ပြင်ဆင်မှုတွေအတွင်း သူ့ကို လုံးဝ မမြင်ထားရပါဘူး။ ဒါဟာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်တာမို့ ဒဏ်ရာ ပြဿနာ မဖြစ်ရေး ချန်လှပ်ထားတာလို့ သုံးသပ်ခံနေရပါတယ်။

နက်ဖီးလစ် ထွက်ခွာခဲ့ရင် သူ့နေရာမှာ အသက် ၂၀ အရွယ် ခံစစ်မှူး ကွမ်းဆက်ဖြင့် တိုက်ရိုက် အစားထိုးဖို့ လီဗာပူးဘက်က စီစဉ်ထားပါတယ်။ အကယ်ဒမီရဲ့ အရည်အချင်း အရှိဆုံး ခံစစ်မှူး အဖြစ် မှတ်ချက်ရထားတဲ့ ကွမ်းဆက်ဟာ စီနီယာပွဲကစားခွင့် အတွေ့အကြုံရဖို့ ပြီးခဲ့တဲ့ ရာသီဝက်မှာ ခရစ္စတိုစီးတီး အသင်းထံ ရာသီဝက် အငှားထွက်ထားခဲ့ပါပြီ။

ဂျာမနီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကွမ်းဆက်က လူငယ်အဆင့်မှာတော့ အသင်းခေါင်းဆောင် တာဝန်ကို ရယူထားကာ အင်္ဂလန် ယူ-၂၀ အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဟန်ဒါဆန်နဲ့ နက်ဖီးလစ်တို့ကို လက်လွတ်ပြီးရင် homegrown ကစားသမားအဖြစ် ကလယ်ဟာ၊ ဂိုးမက်စ်၊ ထရန့်နဲ့ ကာတစ်ဂျုံးတို့ပဲ ကျန်ရှိတော့မှာမို့ ကွမ်းဆက်ကို စင်တင်ပေးဖို့ ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။