လီဗာပူးရဲ့ ရာသီကြို ခြေစမ်းပွဲ စတင်ခြင်းနဲ့ ပွဲစဉ် နံပါတ် ၁ ပြိုင်ဘက် Karlsruher အကြောင်း ဖော်ပြခြင်း

လီဗာပူးအသင်းဟာ ဂျာမနီမှာ ၁ ရက်ကို လေ့ကျင့်ချိန် ၂ ချိန် ပြုလုပ်နေပြီး မနက်ဖြန်ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။

တိုက်စစ်-ခံစစ် အကူးအပြောင်းကို မြန်နှုန်းမြင့်မြင့် ပုံစံ လေ့ကျင့်နေတဲ့ လီဗာပူးအသင်းသားတွေဟာ ရာနှုန်းပြည့် အနေအထားမှာ ရှိမနေသေးပါဘူး။ ဒါပေမယ့်လို့ ကွင်းတွင်းမှာ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရတဲ့ မိနစ် ၉၀ ပွဲစဉ်ကို စတင်လာပါတော့မယ်။

လီဗာပူးရဲ့ ပထမဆုံး ရာသီကြို ၂ ပွဲက ဂျာမနီမှာ စတင်မှာပါ။ ၄၅ မိနစ်ကို ၁ သင်း ပုံစံဖြင့် လူခွဲပြီး ကစားကြမှာ ဖြစ်ပါတယ်။

ပုံစံဟောင်းအတိုင်း ပြန်စတင်ခြင်း

ပြီးခဲ့တဲ့ နှစ်တွေတုန်းက လီဗာပူးအသင်းဟာ ရာသီကြို အစပွဲတွေကို အင်္ဂလန်လိဂ် အောက်တန်းလိဂ်တွေဖြင့် ယှဉ်ပြိုင်လေ့ ရှိပါတယ်။ ဒီရာသီမှာတော့ ဂျာမနီကလပ်နဲ့ စတင်သွားပါမယ်။ လီဗာပူးရဲ့ ပထမဆုံး ပြိုင်ဘက် Karlsruher က ဂျာမနီ ဒုတိယတန်းလိဂ်က ကလပ်ဖြစ်ပါတယ်။

ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ အသင်းငယ်တွေဖြင့် ခြေစမ်းရင်း တစ်ဆင့်ခြင်း ပိုကောင်းတဲ့ ပြိုင်ဘက်တွေဖြင့် ထိပ်တိုက်တွေ့လေ့ ရှိပါတယ်။ မနှစ်ကတော့ အဲ့လို မဟုတ်ခဲ့ဘဲ အာရှ ခြေစမ်းပွဲကို တိုက်ရိုက် ကစားရာက ဒဏ်ရာ ပြဿနာ များခဲ့ပါတယ်။ ဒီရာသီကြိုမှာတော့ ပုံစံဟောင်းအတိုင်း ပြန်စလာမှာပါ။

Karlsruher အသင်းရဲ့ အိမ်ကွင်း Wildparkstadion ကို ယူရို ၁၅၅ သန်း အကုန်အကျခံ ပြန်လည် တိုးချဲ့ထားခြင်းဖြစ်ကာ လီဗာပူးနဲ့ ခြေစမ်းပွဲမှာ ကွင်းဖွင့်ပွဲပါ ပြုလုပ်သွားပါမယ်။

ဘယ်လို ပြိုင်ဘက်မျိုးလဲ

မနှစ်ကရာသီ ဘွန်ဒက်လီဂါ-၂ မှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ အသင်းပါ။ ဒီအသင်းဟာ ယာဂင်ကလော့ပ်ရဲ့ မွေးရပ်မြေကလပ် စတုဂတ်ရဲ့ ဒါဘီပြိုင်ဘက် အသင်းလည်း ဖြစ်ပါတယ်။

ဒီအသင်းက ဘွန်ဒက်လီဂါရဲ့ အပြင်ဘက်မှာ ရောက်နေတာ ၁၄ နှစ်လောက် ရှိနေပါပြီ။ သူတို့ရဲ့ လက်ရှိ နည်းပြဟာ ကလော့ပ် ဒေါ့မွန်အသင်းကို ကိုင်တွယ်စဉ်မှာ ပြိုင်ဘက်အဖြစ် ၆ ကြိမ် တွေ့ဖူးပါတယ်။ သူတို့အသင်းမှာ သတိထားရမယ့်သူက တိုက်စစ်မှူး Fabian Schleusener ပဲ ဖြစ်ပါတယ်။