လီဗာပူးအသင်းမှာ ရင်းနှီးမြုပ်နှံမှုကြီး လိုအပ်နေတယ်လို့ FSG ပါတနာဘက်က ဝန်ခံ

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ရဲ့ ပါတနာတွေဖြစ်ပြီး မေဂျာလိဂ်ကလပ် Boston Red Sox အသင်း စီအီးအို ဆမ် ကနေဒီက အန်ဖီးကလပ်မှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှုရဖို့ လိုအပ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။

မနှစ် နိုဝင်ဘာကစလို့ FSG ဟာ လီဗာပူးအသင်းမှာ ရင်းနှီးမြုပ်နှံမှု ဝင်ပေးမယ့် အဖွဲ့တွေကို ရှာဖွေမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ လက်တလောမှာ Formula 1 ပိုင်ရှင်တွေဖြစ်တဲ့ Liberty Media က လီဗာပူးအသင်းထံ ဝင်ရောက် ရင်းနှီးဖို့ စဉ်းစားနေကြောင်း သတင်းထွက်နေပါတယ်။

FSG လက်အောက်မှာ လီဗာပူးအသင်းဟာ အသင်းပိုင်ရှင်တွေထံ ထောက်ပံ့မှု မရဘဲ ကိုယ်ပိုင် ဝင်ငွေဖြင့် လည်ပတ်နိုင်အောင် ကြိုးစားနေရတာပါ။ လက်ရှိ လီဗာပူးရဲ့ တည်ဆောက်မှုစရိတ်၊ အသင်းလုပ်ခတွေ အားလုံးဟာ အသင်းဝင်ငွေ သီးသန့်နဲ့ပဲ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပြောင်းအရွှေ့ စျေးကွက်တိုင်းမှာ လစ်ဟာမှုတွေ ရှိနေပါတယ်။

ရင်းနှီးမြုပ်နံမှုသစ် ရခဲ့ရင် ဒီနွေမှာ အသုံးစရိတ် ပိုရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကိစ္စတွေက ခပ်မြန်မြန် မဖြစ်လာခဲ့ပါဘူး။ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ပေါင် ၉၅ သန်း အကုန်အကျခံ ခေါ်ယူထားခဲ့ပေမယ့် ခံစစ်မှူးနဲ့ ကွင်းလယ်လူ နောက်တစ်ဦး ခေါ်ယူဖို့မှာ ကလပ်ရဲ့ ဝင်ငွေက အကန့်အသတ် ရှိနေပါတယ်။

ဆမ်ကနေဒီက “ ဒီအသင်းတွေနဲ့ ဒီအစုအဖွဲ့တွေဟာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှု လိုအပ်နေပါတယ်။ ကျနော်တို့ စည်းကမ်းတကျနဲ့ ကြိုးစားနေလားဆိုရင် သေချာပါတယ်။ အဲ့လို ကြိုးစားနေပါတယ်။

ဘာလို့လဲဆိုတော့ အလွတ်နဲ့ ထွက်သွားတဲ့ ကစားသမားတွေ နေရာမှာ ပြန်အစားထိုးဖို့ အပြောင်းအရွှေ့မှာ ကျနော်တို့ ငွေသုံးဖို့ လိုပါတယ်။ ” လို့ အသုံးစရိတ် လိုအပ်နေမှုနဲ့ ပတ်သက်လို့ ပြောဆိုသွားပါတယ်။

လက်တလောမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲခဲ့ခြင်းကြောင့် စီးပွားရေးဆိုင်ရာ စပွန်ဆာ ဝင်ငွေတွေ ကျဆင်းမသွားဖို့ မျှော်လင့်ရမှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု အသစ်တွေ အမြန်ဆုံး ရှာဖွေခြင်းနဲ့အတူ ကွင်းတွင်း ကွင်းပြင် ထောက်ပံ့မှုတွေ ရလာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။