NEWS: ဒီယက်စ်အတွက် ဆော်ဒီပရိုလိဂ်ဘက်က သွေးတိုးစမ်းနေမှု အပေါ် လီဗာပူးရဲ့ သဘောထား

ဆော်ဒီပရိုလိဂ်ဘက်က တိုက်စစ်မှူး လူးဝစ် ဒီယက်စ်ကို ခေါ်ယူလိုနေခြင်းက တကယ်ဖြစ်ကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Paul Joyce နဲ့ ကိုလံဘီယာ သတင်းထောက် Pipe Sierra တို့က အတည်ပြုပါတယ်။

ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့ PIA ဘက်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆော်ဒီပရိုလိဂ် ကလပ် ၄ သင်းထဲက ၁ သင်းဖြစ်တဲ့ Al Hilal အသင်းဟာ ဒီနွေမှာ အသုံးစရိတ် ယူရို သန်း ၁၂၀ သုံးပြီး ဝုဗ်မှ နီဗက်စ်၊ လာဇီယိုမှ ဆာဗစ်နဲ့ ချယ်ဆီးမှ ကူလီဘာလေတို့ကို ခေါ်ယူထားတာပါ။

Al Hilal နည်းပြက တိုက်စစ် အင်အားဖြည့်ဖို့ ဒီယက်စ်အား စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ လီဗာပူးဘက်က ဒီယက်စ်ကို လုံးဝ မရောင်းဖို့ ဆုံးဖြတ်ထားသလို ဆော်ဒီဘက်က သွေးတိုးစမ်းလာတဲ့ သန်း ၅၀ ဟာ တိုက်စစ်သမားအတွက် အသင်း တန်ဖိုးဖြတ်ထားတာထက် အများကြီး နည်းနေတာ ဖြစ်ပါတယ်။

Pipe Sierra က ” Al Hilal အသင်းက လူးဝစ် ဒီယက်စ် (အသက် ၂၆ နှစ်) ကို တကယ်ပဲ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် လီဗာပူးထံကို ကမ်းလှမ်းမှု ဝင်လာခြင်း မရှိသေးပါဘူး။ လီဗာပူးဘက်ကတော့ ဒီယက်စ်ကို ရောင်းထုတ်ဖို့ လုံးဝ စိတ်မဝင်စားပါဘူး။

ထပ်ပြီး ဖြည့်ပြောရရင် ဒီယက်စ်ကို သန်း ၅၀ ဖြင့် ချိတ်ဆက်မယ်ဆိုတာက သူ့အပေါ် လီဗာပူး တန်ဖိုး သတ်မှတ်ထားခြင်းထက် အများကြီး နည်းပါးလွန်းပါတယ် ” လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။