NEWS: ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို လီဗာပူးအသင်းဘက်က စိတ်ဝင်စားလာပါတယ်

လီဗာပူးအသင်းဟာ ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို ကွင်းလယ်အတွက် ရွေးချယ်စရာ ပစ်မှတ်တွေထဲက တစ်ခုအဖြစ် စတင် စဉ်းစားလာခဲ့ကြောင့် The Athletic က ဖော်ပြပါတယ်။

အသက် ၂၃ နှစ်အရွယ် အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ မာလီအသင်း လက်ရွေးစင်လည်း ဖြစ်ပါတယ်။ သူဟာ မနှစ်ကရာသီမှာ ပြင်သစ်ကလပ် Lens အသင်းကနေ ပဲလေစ့်ကို ပေါင် ၂၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ပဲလေစ့်ဘက်ကတော့ သူတို့အသင်းမှာ ဒူကူရေက အရေးပါတဲ့ ကစားသမားဖြစ်လို့ ကွင်းလယ်လူကို ခေါ်ယူခဲ့စဉ် ပေးချေခဲ့ရတာထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးမျိုး အလိုရှိပါလိမ့်မယ်။ ဒူကူရေဟာ မနှစ်ကရာသီ အသင်းပရိသတ်တွေ မဲပေးမှုနဲ့အတူ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

လီဗာပူးဘက်က ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို ဆော်ဒီကလပ်တွေထံ လက်လွတ်ရရင် အစားထိုးဖို့ ကစားသမား ရှာဖွေနေကာ ဆောက်သမ်တန်မှ လာဗီယာက သတင်းအထွက်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ထုံးစံအရ ကစားသမား ခေါ်ယူရေး အဖွဲ့မှာ သီးခြား ပစ်မှတ် ၅ ဦးထက်မနည်း ရှိမယ် မျှော်လင့်ထားရတယ်။

အခုချိန်ထိတော့ လီဗာပူးက ဒူကူရေကို စိတ်ဝင်စားတဲ့ အဆင့်ဖြစ်တယ်လို့ပဲ သိထားရပြီး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့နဲ့ ကစားသမားကို ချဉ်းကပ်မှု ပြုလုပ်ဖို့ အစီအစဉ် ရှိမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။