အသင်းပြောင်းကြတော့မယ့် စီနီယာ ၃ ဦး၊ ဆိုဘိုနဲ့ မက်ကယ်လစ္စတာ ပွဲဦးထွက်၊ ပထမဆုံး ခြေစမ်းပွဲကို ဂျိုတာကြောင့် ဂိုးပြတ် အနိုင်ရခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားသလို ကလပ်နှစ်သင်းကြား ပေါင် ၁၂ သန်း အပြင် ထပ်တိုးကြေးတွေဖြင့် ညိနှိုင်းမှု အဆင်ပြေခဲ့ပါတယ်။

ဒီအပတ်ထဲမှာပဲ ကွင်းလယ်လူ ဖာဘင်ညိုရဲ့ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့မှု အပြီးသတ်မှာ ဖြစ်ပါတယ်။ လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် ရမယ်လို့ သိထားရပါတယ်။

ဟန်ဒါဆန်ဟာ ဆော်ဒီကလပ်မှာ အခွန်ဆောင်ပြီး တစ်ပတ် ပေါင် ၃၅၀၀၀၀ ခွဲ လုပ်ခရာမှာဖြစ်ကာ ၃ နှစ်စာချုပ်နဲ့အတူ Al Ettifaq အသင်း တိုးတက်မှုတွေမှာ ပါဝင်ခွင့်ရမယ်လို့ သိရပါတယ်။

ရာသီကြို ခြေစမ်းပွဲမှာ အယ်လီဆန် မပါခဲ့တာက ဘရာဇီးမှာ သူ့လက်ချောင်း ဒဏ်ရာ ရခဲ့သေးတာမို့ အလျင်စလို မသုံးဘဲ အနားပေးထားခဲ့ခြင်းဖြစ်ကာ စိုးရိမ်စရာ မရှိပါဘူး။

HIGHLIGHTS: Karlsruher SC 2-4 Liverpool

ဂျိုတာက မက်ကယ်လစ္စတာကို သိပ်သဘောကျကြောင်းနဲ့ သူ့လို ဘောလုံး ပေးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူမျိုးနဲ့ တွဲကစားရတာဟာ လာမယ့်ရာသီမှာ ပိုမို အကျိုးဖြစ်ဖို့ မျှော်လင့်နေပါတယ်။

နက်ဖီးလစ်ကို ခြေစမ်းပွဲ လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် သူဟာ လိစ်ဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေကို ပိုမို ခိုင်မာစေခဲ့ပါတယ်။

မနေ့က ခြေစမ်းပွဲမှာ ပွဲထွက်ခဲ့တဲ့ ဆိုဘိုစလိုင်က လီဗာပူးဂျာစီ ဝတ်ဆင်ပြီး ကစားရတာဟာ သူ့မိသားစုအတွက် သိပ်ကို ဂုဏ်ယူစရာ ဖြစ်တယ်လို့ ပျော်ရွှင်စွာ ပြောဆိုပါတယ်။

နည်းပြကလော့ပ်ကတော့ ကစားသမားတွေကို ထွက်ခွင့်ပေးတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲလို့ ထုတ်ပြောလာပါတယ်။ ဒီကစားသမားတွေကို လေးစားစိတ်နဲ့အတူ သူတို့ ဖြစ်လိုတာတွေကို နားထောင် လိုက်လျောပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ပစ်မှတ်ထားလာတဲ့ သူတို့ ကွင်းလယ်လူ ဒူကူရေအတွက် ပဲလေစ့်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ စျေးသတ်မှတ်လိုက်ပါတယ်။

အက်စတွန်ဗီလာ အသင်းမှ ပြင်သစ် ကွင်းလယ်လူ ကာမာရာဟာ လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေသူ တစ်ဦး ဖြစ်ပါတယ်။

အာဆင်နယ် ခံစစ်မှူး ဆာလီဘာက ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးဖြစ်ပြီး နယ်သာလန်သားကြီးရဲ့ ကစားပုံတွေကို ကြည့်ပြီး သူ သင်ယူမှုတွေ လုပ်ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။