

လီဗာပူးအသင်းရဲ့ ပထမဆုံးသော ရာသီကြို ခြေစမ်းပွဲ ပြီးဆုံးခဲ့ကာ မျှော်လင့်ထားတာထက် ပို ရုန်းကစားကြတဲ့ ပွဲစဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ၄-၂ နဲ့ အနိုင်ရတယ်ဆိုပေမယ့် ရလဒ်ထက် ကြံ့ခိုင်မှုနဲ့ အသင်းဖော်ချင်း နားလည်လာမှုတွေက ပိုအရေးကြီးတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။
ကွင်းလယ် အတွင်းလူနေရာ ကြိုးစားခဲ့တဲ့ ထရန့်
ထရန့်ဟာ ညာခြမ်းနဲ့ ကွင်းလယ်လူနေရာ ပူးတွဲ ကစားသူ အဖြစ် မနှစ်က ရာသီဝက်မှာ တောက်ပခဲ့ပေမယ့်လို့ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂိုတို့ ၃ ဦးလုံး မပါနိုင်ချိန်မှာ နံပါတ် ၆ နေရာကို အပြည့်အဝ တာဝန်ယူခဲ့ရပါတယ်။
သူဟာ ညာခြမ်းမှ ဘရတ်ဒလေ၊ ဘော်ဘီ ကလက်တို့ကို ဦးဆောင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ရာသီသစ်မှာ ထရန့်၊ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်တို့ ၃ ဦးကို ကွင်းလယ်မှာ မြင်ရမလား မသိပေမယ့်လို့ နံပါတ် ၆ နေရာမှာ ထရန့်ကို သုံးနိုင်တဲ့ အလားအလာကို နည်းပြအဖွဲ့က ချပြခဲ့ပါတယ်။
နေရာလုနေကြတဲ့ တိုက်စစ်တွဲလုံးများ
ပထမပိုင်းမှာ ဆာလာ၊ ဒါဝင်၊ ဒီယက်စ် တွဲလုံးဖြစ်ပြီး ဒုတိယပိုင်းမှာ ဂျိုတာ၊ ဂက်ပို၊ ဗန်ဒုတ် အတွဲကို ထုတ်သုံးခဲ့ပါတယ်။ တောင်အမေရိသား နှစ်ဦး တွဲဖက်ရာမှာ လိုက်လျောညီထွေ မဖြစ်ခဲ့ကြပါဘူး။ နံပါတ် ၉ နေရာမှာ ဒါဝင် မဆိုးလှပေမယ့် ဒီယက်ဇ်ကတော့ ဘယ်ခြမ်းမှ သူ့ရဲ့ အလားအလာကို ထုတ်ပြဖို့ ရုန်းကန်ခဲ့ရပါတယ်။
ကွင်းလယ်နဲ့ တွဲပြီး ဖန်တီးပေးသူအဖြစ် ဂက်ပိုက သူ့ရဲ့ အရည်အချင်းကောင်းတွေ ဆက်လက် ထုတ်ပြခဲ့သလို ဂျိုတာကလည်း ဘယ်တောင်ပံကနေ တိုးအား ရုန်းအားတွေဖြင့် သူ့ရဲ့ ကြံ့ခိုင်မှုကောင်းတွေကို ပြသခဲ့ပါတယ်။ ဂျိုတာရဲ့ အဆုံးသတ်ပုံတွေကလည်း ပိုကောင်းလာပါတယ်။
ဒီအတိုင်းဆိုရင် တိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဂက်ပို ဒါမှမဟုတ် ဒါဝင် အတွဲက ပိုမို စိတ်လှုပ်ရှားစရာ ကောင်းပါမယ်။
ကွင်းလယ် လူသစ် ၂ ဦး
ပထမပိုင်းမှာ ဆိုဘိုစလိုင်က ညာခြမ်းတင် မကဘဲ ဘယ်ခြမ်း ကွင်းလယ်လူ နေရာတွေပါ ဝင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ မက်ကယ်လစ္စတာက ညာခြမ်း ကွင်းလယ်လူ အဖြစ် ပွဲထွက်ခဲ့ပါတယ်။ ဒါဟာ အသင်းပရိသတ်တွေ ကြိုတွက်ဆထားတာရဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။
ဆိုဘိုစလိုင်ကို ညာတောင်ပံ နေရာထိပါ မျှော်လင့်ထားခဲ့ကြပြီး မက်ကယ်လစ္စတာဟာ ဘယ်ခြမ်း နံပါတ် ၈ နေရာ တာဝန်ယူမယ်လို့ လူတိုင်း ထင်ထားကြပေမယ့် နည်းပြအဖွဲ့က နေရာတွေ လိုက်ချနေဆဲ ဖြစ်ပါတယ်။ ရေရှည်မှာ ဘာဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာပါ။
မက်ကယ်လစ္စတာ ဘောလုံးဖြန့်တာတွေ ပေးတာတွေ ကောင်းပါတယ်။ ဆိုဘိုကတော့ ဖိအားပေးတာတွေ ကောင်းပါတယ်။ နှစ်ဦးလုံးက အတော်လေး အားထုတ်ကစားခဲ့ကြပြီး ကစားအားလည်း ကောင်းခဲ့ကြပါတယ်။
လူငယ်တွေရဲ့ အလားအလာ
ပထမဆုံး ပွဲဖြစ်တာကြောင့် လူငယ်တွေက စီနီယာတွေဖြင့် တွဲဘက်ဖို့ အခက်အခဲ ရှိခဲ့ကြပါတယ်။ ရာသီကြိုမှာ ခြေစွမ်းပြနိုင်မှ ကလပ်တွေက သူတို့ကို အငှား ခေါ်ယူတာမျိုးတွေ ဖြစ်လာပြီး အနာဂတ်ကောင်းမှာမို့ ကြိုးစားခဲ့ကြပါတယ်။
ဗန်ဒုတ်နဲ့ ကွမ်းဆက်တို့ နှစ်ဦးကတော့ မဆိုးလှတဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး ဗန်ဒုတ်က အနည်းငယ် စိတ်ဆတ်ပေမယ့် ခြေစွာပါတယ်။ ကွမ်းဆက်ကတော့ တည်တည်ငြိမ်ငြိမ် ရှိပြီး သက်သောင့်သက်သာ ကစားပြနိုင်ခဲ့ပါတယ်။
ဟန်ဒါဆန်တို့ ထွက်ခွာဖို့ နီးနေခြင်း
ဟန်ဒါဆန်ဟာ ဆော်ဒီကလပ်ထံ ပေါင် ၁၂ သန်း ဝန်းကျင်ဖြင့် ပြောင်းဖို့ သဘောတူညီမှု ရထားပြီး ဖာဘင်ညိုက ပေါင် သန်း ၄၀ ဖြင့် ပြောင်းရွှေ့မှာပါ။ နက်ဖီးလစ်က လိစ်ဒ်ထံ ပေါင် ၁၀ သန်းဝန်းကျင်ဖြင့် ရောက်နိုင်ကာ မကြာခင်မှာ ကလပ်က အစားထိုးမှုတွေ ပြန်လုပ်လာဖို့ ရှိပါတယ်။
ဒီယက်ဇ်အတွက် ယူရို သန်း ၅၀ ဖြင့် သွေးတိုးစမ်းမှုကို လီဗာပူးဘက်က ရောင်းရန် မဟုတ်လို့ တုန့်ပြန်ထားပါတယ်။