လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး အံ့ဩစကား ပြောဆိုသွားတဲ့ ဆိုဘိုစလိုင်

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ ရာသီကြိုမှာ သူရင်ဆိုင်နေရတဲ့ လီဗာပူး လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက် အနည်းငယ် ပေးလာခဲ့ပါတယ်။

ဒီနွေမှာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာခဲ့တဲ့ ဆိုဘိုစလိုင်ဟာ ညာခြမ်းနေရာ ကစားသူ ဖြစ်ပါတယ်။ သူဟာ အသင်းရဲ့ နာမည်ကျော် ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားမှာပါ။

လက်ရှိ ဂျာမနီမှာ ရာသီကြို လေ့ကျင့်ရေး ဝင်နေကြကာ ဆိုဘိုစလိုင်ကတော့ ၁ ရက်ကို ၃ ကြိမ်ထိတောင် လေ့ကျင့်ရကြောင်း ပြောပြလာခဲ့ပါတယ်။ ရာသီကြို အဖွင့်ပွဲစဉ်မှာတော့ ကစားသမား အများအပြားက ၄၅ မိနစ်စာ ပွဲကစားချိန်တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

“ ပြင်းပြင်းထန်ထန် အားထုတ်ရတာကို ကျနော် အသားကျနေပါပြီ။ ဒါပေမယ့်လို့ တစ်ရက်တည်း ၃ ကြိမ် လေ့ကျင့်ရေး ဆင်းရတာမျိုးကို ကျနော် ကစားသမားဘဝ လုံးဝ မလုပ်ခဲ့ဖူးပါဘူး။ ဒီလောက်ကြီး ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို ၃ ကြိမ် ဆက်တိုက် ဝင်ရတာ ခက်ခဲပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံး လေ့ကျင့်ရေး အပြီးတုန်းကဆိုရင် ပင်ပန်းလွန်းလို့ တောင်ကုန်းပေါ် စက်ဘီး နင်းတက်မယ့် အစား လမ်းလျှောက် တက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်လိုပဲ ပြောပြောပါ ဒီလေ့ကျင့်ရေးတွေကို တကယ်ပဲ ပျော်ရွှင်မိပါတယ်။

အဝတ်လဲခန်းက ကောင်းပါတယ်။ အသင်းဖော်တွေကလည်း ကောင်းကြတယ်။ လီဗာပူးကို ပြောင်းလာရတာ ကျနော် ပျော်ပါတယ် ” လို့ ဆိုဘိုစလိုင်က ပြောဆိုခဲ့ပါတယ်။

ဆိုဘိုစလိုင်ဟာ လိုက်ဇစ်မှာ ဖိအားပေး ကစားဟန်ကို ကောင်းကောင်းအံဝင်ခဲ့သလို သူကိုယ်တိုင်ကလည်း ရုပ်ပိုင်းဆိုင်ရာ သန်မာသူဖြစ်ပါတယ်။ အသင်းက ရာသီကြိုပွဲ ၄ ပွဲ ထပ်ကစားဦးမှာဖြစ်ကာ မကြာခင်မှာတော့ ဆိုဘိုနဲ့ မက်ကယ်လစ္စတာတို့ တွဲဘက် ကစားတာကို မြင်ရဖို့ ရှိပါတယ်။