လီဗာပူးအသင်း ကစားသမား ရောင်းချမှုကနေ ဝင်ငွေ ဘယ်လောက် ရှိပြီလဲ ဘယ်လောက် ပြန်သုံးထားလဲ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအကြို နွေစျေးကွက်မှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အရမ်းကြီး မများသေးပါဘူး။ ကစားသမား ထွက်ခွာမှု များပေမယ့်လို့ လူသစ် ခေါ်ယူမှု အပိုင်းမှာ လိုအပ်ချက် ရှိနေပါတယ်။

အထွက်စာရင်း

ဒီနွေမှာ ကလပ်ဟာ ကိတ်တာ၊ မီလ်နာ၊ ချိန်ဘာလိန်၊ အာသာ၊ ဖာမင်နို တို့ကို အလွတ်ဖြင့် ထွက်ခွင့်ပေးထားပါတယ်။ ရမ်ဆေး၊ ဗန်ဒန်ဘတ်၊ ကာဗာရို၊ ရွိုင်းဝီလီယမ်တို့ကို အငှားချထားကာ အကယ်ဒမီ ကစားသမား အချို့ကို ရောင်းထုတ်ခြင်း အငှားချခြင်းတွေဖြင့် ထွက်ခွင့်ပေးတာတွေ ရှိထားပါတယ်။

အလားအလာရှိတဲ့ ထွက်ခွာဖွယ် လူစာရင်း

အခုချိန်ထိတော့ ကစားသမား ရောင်းချမှု မရှိသေးဘဲ ဟန်ဒါဆန် (ပေါင် ၁၂ သန်း +)၊ ဖာဘင်ညို (ပေါင် သန်း ၄၀)၊ နက်ဖီးလစ် (ပေါင် ၈ သန်း+) တို့ကို အသင်းပြောင်းခွင့်ပေးဖို့ စကားပြောနေပါတယ်။ ဒီယက်ဇ်အတွက် သန်း ၅၀ ဝန်းကျင်ဖြင့် ချိတ်ဆက်ခံရဖွယ် ရှိမှုကိုတော့ အသင်းဘက်က စိတ်မဝင်စားပါဘူး။

ခါဘီမှာ ကျန်ခဲ့တဲ့ မော်တန်၊ ခံစစ်မှူး ကွမ်းဆက်နဲ့ ညာခြမ်း အစွန်လူ ဘရတ်ဒလေတို့ကို ရာသီသစ်မှာ စီနီယာအသင်းနဲ့ ပေါင်းထည့်ဖို့ မစဉ်းစားဘူးဆိုရင် အငှားချတာ ဒါမှမဟုတ် အပြီးသတ် ရောင်းချတာတွေ ရှိလာနိုင်ပါတယ်။ အဲ့တာကလွဲလို့ အထွက်စာရင်း ထပ်ရှိလာဖွယ် မရှိပါဘူး။

အဝင်စာရင်း

ကစားသမား ပြန်လည် ခေါ်ယူမှုအဖြစ် ဘရိုက်တန်မှ မက်ကယ်လစ္စတာ (ပေါင် ၃၅ သန်း)၊ လိုက်ဇစ်မှ ဆိုဘိုစလိုင် (ပေါင် သန်း ၆၀) တို့ နှစ်ဦးကိုပဲ ပြန်လည် ခေါ်ယူထားပါသေးတယ်။

လက်ကျန် စျေးကွက်ကာလမှာ အသင်းရဲ့ ဦးစားပေး ပစ်မှတ်က ဘယ်ခြမ်း ခံစစ်မှူးနဲ့ ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူရေးပဲ ဖြစ်ပါတယ်။ အချို့ကတော့ ကွင်းလယ် လူသစ်ဟာ နောက်ထပ် ၂ ဦး ရှိဦးမယ်လို့ မျှော်လင့်နေပါတယ်။

အသုံးစရိတ်

ဟန်ဒါဆန်၊ ဖာဘင်ညို၊ နက်ဖီးလစ်တို့ကို ရောင်းချခဲ့ရင် ပေါင် သန်း ၆၀ ပြန်ရမှာမို့ ဒီနွေမှာ လီဗာပူးရဲ့ အသာတင် အသုံးစရိတ်ဟာ ပေါင် ၃၅ သန်း ဝန်းကျင်ပဲ ရှိနေမှာပါ။ အသင်းမှာ အသုံးစရိတ် ပေါင် ၆၀-၁၂၀ သန်း ဝန်းကျင် ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။