ဒီနှစ်ထဲမှာ အန်ဖီးဆိုင်ရာ တိုးချဲ့မှု အသစ်တစ်ခု ထပ်မံ စတင်သွားတော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီနှစ်ထဲမှာ အန်ဖီးကွင်း မျက်နှာခြင်းဆိုင်က နေရာလွတ်အတွင်း တိုးချဲ့တည်ဆောက်မှု အသစ်တစ်ခု စတင်သွားတော့မှာ ဖြစ်ပါတယ်။

LFC club shop ရဲ့ မျက်နှာခြင်းဆိုင်မှာ ရှိတဲ့ နေရာလွတ်အတွင်းမှာ ကား ၃၃ စီး ရပ်နားနိုင်တဲ့ နေရာနဲ့အတူ နာမည်ရ စျေးဆိုင်၊ စားသောက်ဆိုင်တွေ ပါဝင်တဲ့ အဆောက်အဦး တစ်ခုကို တည်ဆောက်ရေး ခွင့်ပြုမိန့် ရခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ ဧရိယာတဝိုက်မှ လူနေအိမ် ၈၆ လုံးထံကနေ ခွင့်ပြုကြောင်း သဘောတူညီချက် ရခဲ့တာနဲ့အတူ စက်တင်ဘာလအတွင်းမှာ တည်ဆောက်ရေးတွေ စတင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အပြီးသတ်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိမှာ Anfield Road ပွဲကြည့်စင် တိုးချဲ့မှုကို အပြီးသတ်နေပြီး မကြာခင်မှာတော့ စတန်လေပက် အနီးတဝိုက်အတွင်း အများဆိုင်ရာ နေရာတွေကို ပြင်ဆင် တည်ဆောက်မှုတွေနဲ့ လမ်းပိုင်းဆိုင်ရာ ချဲ့ထွင်မှုတွေကိုလည်း လုပ်ဆောင်ဖို့ ရှိနေတယ်။

အန်ဖီးကွင်း မျက်နှာစာ တဝိုက်မှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နောက်ဆုံး စီစဉ်လာတဲ့ တည်ဆောက်မှုဟာ ဒေသတွင်း နေထိုင်သူတွေကို အလုပ်အကိုင်နဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ လီဗာပူးမြို့ကောင်စီက ယုံကြည်နေတာ ဖြစ်ပါတယ်။