ကလော့ပ်နဲ့ ဟန်ဒါဆန်ကြောင့် မိုက်ကယ် အတ်ဝဒ် ထွက်သွားခဲ့တာလို့ လီဗာပူး သတင်းထောက် ဖော်ထုတ်

ဂျော်ဒန် ဟန်ဒါဆန် ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပေါင် ၁၂ သန်းဖြင့် ထွက်ခွာဖို့ နီးစပ်နေတဲ့ အချိန်မှာပဲ အတိတ်က ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Chris Bascombe က တယ်လီဂရပ်ကနေ ဖော်ပြလာခဲ့ပါတယ်။

Chris Bascombe ကတော့ ၂၀၂၁ ခုနှစ်မှာ လီဗာပူးအသင်းက ဂျော်ဒန် ဟန်ဒါဆန်ကို ၄ နှစ် စာချုပ် သက်တမ်းတိုးခဲ့ခြင်းဟာ အမှားအယွင်းကြီး လုပ်ခဲ့ခြင်းလို့ ဖော်ပြလာပါတယ်။ ထိုစဉ်တုန်းက အသက် ၃၁ နှစ်အရွယ် ဟန်ဒါဆန်ဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေချိန် ဖြစ်ပါတယ်။

အမေရိကန် ပိုင်ရှင်တွေဖြစ်တဲ့ FSG ဘက်က အလိုရှိတဲ့အတိုင်း ‘Moneyball’ ပေါ်လစီကို အောင်မြင်အောင် ဦးဆောင်ပေးနေတဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝဒ်နဲ့ သူ့ရဲ့ ဒေတာအဖွဲ့က ဟန်ဒါဆန်ကို သက်တမ်း မတိုးလိုတော့ပါဘူး။

အသက် ၃၁ နှစ်အရွယ် ကစားသမား တစ်ဦးကို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းပေးပြီး ၂၀၂၅ ထိ စာချုပ်ချုပ်တာဟာ ဒေတာအဖွဲ့ရဲ့ စံနှုန်းနဲ့ လုံးဝ ကိုက်ညီခဲ့ခြင်း မရှိပါဘူး။ ၄ နှစ်တာ ကာလအတွင်း ဟန်ဒါဆန်ရဲ့ စွမ်းဆောင်ရည်က ပိုပို ကျဆင်းလာလိမ့်မယ်လို့ ဒေတာအဖွဲ့က ပြင်းပြင်းထန်ထန် ငြင်းခုံခဲ့ပါတယ်။

တူညီတဲ့ အနေအထားအဖြစ် လီဗာပူးအသင်းဟာ အသက် ၃၁ နှစ်အရွယ် ဖာမင်နို၊ မာနေးတို့ကိုလည်း သက်တမ်း မတိုးခဲ့ပါဘူး။ စတီဗင်ဂျရတ်ကိုတောင် မတိုးပါဘဲ ၂၀၁၅ မှာ အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ပါတယ်။

ဟန်ဒါဆန် ကိစ္စမှာတော့ အဲ့နွေစျေးကွက်မှာ သူ့ကို ပီအက်စ်ဂျီနဲ့ အက်သလက်တီကို မက်ဒရစ်တို့က စိတ်ဝင်စားနေခဲ့ပေမယ့် လီဗာပူးဘက်က သက်တမ်းတိုးခဲ့ပါတယ်။ Chris Bascombe ကပဲ ဒီသက်တမ်းတိုးမှုဟာ ယာဂင်ကလော့ပ်ရဲ့ ဝင်ပါမှုကြောင့် ဖြစ်မြောက်ခဲ့တဲ့ သဘောမျိုး ရေးသားခဲ့တယ်။

အကြောင်းကတော့ ဟန်ဒါဆန် ကိစ္စကို အမြန်ဆုံး ဖြေရှင်းမယ်လို့ ကလော့ပ် ထုတ်ပြောပြီး ၂ ရက်အကြာမှာ သက်တမ်းတိုးမှု တရားဝင် ဖြစ်မြောက်လာခဲ့တာကြောင့်ပါ။

လီဗာပူးအသင်းက ဟန်ဒါဆန်ကို ၄ နှစ်သက်တမ်းတိုးပြီး ရက်ပိုင်း အကြာမှာတော့ မိုက်ကယ် အတ်ဝဒ်က အသင်းကနေ ထွက်ခွာတော့မယ့် အသံ စထွက်လာခဲ့ပါတယ်။ ၂ ပတ်အတွင်းမှာပဲ တာဝန်လွဲပြောင်းမှု ကိစ္စတွေကြောင့် ၁ နှစ် ရာထူး ဆက်ယူပေးပြီးရင် အတ်ဝဒ် ရာထူးကနေ နှုတ်ထွက်မယ်လို့ တရားဝင် သိလာရပါတယ်။

ယာဂင်ကလော့ပ်နဲ့ မိုက်ကယ် အတ်ဝဒ်တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လမ်းခွဲချိန်ထိ ထိန်းသိမ်းခဲ့တယ်လို့ သိရပေမယ့် နည်းပြအဖွဲ့ရဲ့ ဝင်ပါမှု ကြီးမားခြင်းကို ဒေတာပိုင်းအဖွဲ့က သဘောမကျတဲ့ သတင်းတွေ နောက်ပိုင်းမှာ ဆက်တိုက် ထွက်လာခဲ့ပါတယ်။

ယာဂင်ကလောပ့်ဟာ သူ့ရဲ့ ကစားသမားတွေအပေါ် စာနာမှု ကြီးမားသူအဖြစ် နာမည်ကြီးလှသူ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ အားကစားဒါရိုက်တာ ဂျူလီယန်ဝတ်နဲ့ သုတေသန ဆိုင်ရာ ဒါရိုက်တာ အိုင်ယန် ဂရေဟမ်တို့ ထပ်မံ ထွက်ခွာခြင်းက လီဗာပူး ဒေတာအဖွဲ့နဲ့ လီဗာပူး နည်းပြအဖွဲ့ကြားက အဖုအထစ်တွေ ကြီးထွားလာခြင်းကြောင့်လို့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။

Chris Bascombe ကပဲ ၂၀၂၁ မှာ လီဗာပူးက ဟန်ဒါဆန်ကို ရောင်းခဲ့ရင် ပေါင် ၁၂ သန်းထက် ပိုရမှာဖြစ်ပြီး ဟန်ဒါဆန် နေရာ အစားထိုးဖို့ ထိုစဉ်တည်းက အသင်း စိတ်ဝင်စားနေတဲ့ ဘယ်လင်ဟမ်ကို ကမ်းလှမ်းမယ်ဆိုရင် အတော်လေး သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရနိုင်ခဲ့မှာပါလို့ ပူးတွဲ ဖော်ပြသွားခဲ့ပါတယ်။