

လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက ဖာဘင်ညိုနဲ့ ဟန်ဒါဆန် ပြောင်းရွှေ့ရေး ကိစ္စတွေ ဖြစ်လာမယ်လို့ မထင်ရပေမယ့် သီတင်းပတ်တွေအတွင်း ကိစ္စတွေ မြန်မြန်ဆန်ဆန် ဖြစ်လာခြင်းနဲ့အတူ လီဗာပူးရဲ့ ကွင်းလယ်ဟာ အားပျော့လာခဲ့ပါတယ်။
ဖာဘင်ညိုကို ခေါ်ယူခဲ့တဲ့ Al Ittihad ဟာ နယူးကာဆယ်အသင်း နောက်ကွယ်မှာ ရှိနေတဲ့ ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့ (PIF) ကပဲ ကျားကန်ပေးနေတဲ့ ဆော်ဒီကလပ်ဖြစ်နေတယ်လို့ သတင်းထောက် Chris Bascombe က သတိပေးလာပါတယ်။
PIF ဟာ ဆော်ဒီပရိုလိဂ်ကို အဓိက စပွန်ဆာပေးနေတဲ့ အဖွဲ့ဖြစ်ပြီး နယူးကာဆယ် အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကို အနှောက်အယှက် ပေးလာနေခြင်းဟာ အားကစား ဂုဏ်သိက္ခာနဲ့ လျော်ညီရဲ့လား? လို့ Chris Bascombe က တယ်လီဂရပ်ကနေ မေးခွန်းထုတ်ခဲ့ပါတယ်။
ဆော်ဒီကလပ် တစ်သင်းဖြစ်တဲ့ Al-Ettifaq ဟာ ဟန်ဒါဆန်ကိုလည်း ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ လုပ်ခမျိုးဖြင့် ကမ်းလှမ်းခဲ့တာပါ။ လူးဝစ် ဒီယက်ဇ်ကို ယူရို သန်း ၅၀ ဖြင့် ချိတ်ဆက်နေတဲ့ Al Hilal အသင်းနောက်မှာလည်း PIF ရှိနေပါတယ်။
ဆော်ဒီဘက်က သီယာဂိုကိုလည်း ချိတ်ဆက်ခဲ့သေးပေမယ့် စပိန်သားက လီဗာပူးမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ သူတို့ရဲ့ အားထုတ်မှုကို မရပ်တန့်ဘဲ ဆက်လက် လှုပ်ရှားလာခဲ့ရင် ကိတ်တာ၊ ချိန်ဘာလိန်၊ မီလ်နာတို့ကိုပါ လက်လွတ်ထားရတဲ့ လီဗာပူးအသင်း ပိုမို အားပျော့လာနိုင်ပါတယ်။
လီဗာပူးဘက်ကတော့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို ဆက်ထိန်းဖို့ ခက်ခဲခဲ့ပေမယ့် ဒီယက်ဇ်ကို ရအောင် ထိန်းမယ့် သဘောထား ပြသထားခဲ့တယ်။ ကစားသမား ရောင်းထုတ်မှုတွေက အသင်းကို ခက်ခဲစေတာနဲ့အတူ စမတ်ကျတဲ့ လူသစ် အားဖြည့်မှုတွေ ဒီစျေးကွက်မှာတင် အလျှင်အမြန် ပြန်လုပ်ပြဖို့ လီဗာပူးဘက်က ကြိုးစားရတော့မှာ ဖြစ်ပါတယ်။