လီဗာပူး Die Hard ဖန်းတွေထံက အကူအညီရဖို့ မျှော်လင့်နေတဲ့ ယာဂင်ကလော့ပ်

ကလော့ပ်ကတော့ ရာသီသစ်မှာ ‘new’ Anfield ကွင်းကြီး စောင့်နေမှာကို မြင်ရဖို့ အတော်လေး စိတ်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ဒီရာသီသစ်မှာ Anfield Road ပွဲကြည့်စင် တိုးချဲ့မှု အပြီးသတ်မှာဖြစ်ကာ ပရိသတ် ၇၀၀၀ ကျော် ပိုပြီး ဝင်ရောက် အားပေးခွင့်ရလာမှာပါ။ ပိုကြီးမားလာမယ့် အန်ဖီးကွင်းမှာ Die Hard ဖန်းတွေ ပိုမို ဝင်ရောက်ခွင့်ရဖို့ကို ကလော့ပ်က မျှော်လင့်နေပါတယ်။

သူမျှော်လင့်ထားတဲ့ အန်ဖီးကွင်းနဲ့ ပတ်သက်ပြီး ကလော့ပ်က ပြောပြရာမှာ –

“ ကျနော်တော့ အန်ဖီးကွင်းကြီးကို မစောင့်နိုင်တော့ဘူး။ ဘယ်လောက်ထိ ကောင်းသွားမလဲ ကျနော် ပုံဖော်ကြည့်လို့ကို မရသေးပါဘူး။ အရင်ကွင်း ပုံစံမှာတင် ကျနော်ဘဝရဲ့ အကောင်းဆုံး အမှတ်တရ အချို့ ရှိခဲ့တာဆိုတော့ ကျနော်တို့ ဘာတွေ ထပ်ပြီး ဖန်တီးနိုင်မလဲ ကြည့်ကြတာပေါ့။

ကျနော် ကြားထားတာတော့ ပရိသတ် ၆၅၀၀ ကနေ ၇၀၀၀ လောက် ပိုဆံ့လာမယ်လို့ သိထားရတယ်။ မှန်ကန်တဲ့သူတွေ၊ အသံကျယ်ကျယ်သူတွေ ဝင်ခွင့်ရရင်တော့ သိပ်ကောင်းမှာပေါ့ဗျာ။

စဉ်းစားကြည့်ဗျာ။ ‘ လီဗာပူးအသင်းရဲ့ ပွဲလက်မှတ်ရဖို့ နှစ် ၂၀ လောက် ငါစောင့်ခဲ့ရတာကွ၊ ငါ့အသဲနှလုံး ပြုတ်ထွက်သွားမတတ်ကို ကွင်းထဲမှာ အော်ဟစ် အားပေးလိုက်မယ် ‘ ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ လက်မှတ်ရသွားခဲ့ရင် ဘယ်လောက် ကောင်းမလဲ၊ ဘယ်လောက် ပျော်ရမလဲဗျာ။ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကွင်းရဲ့ မျက်နှာစာအသစ်ဟာ မနှစ်ကရာသီ ထိုးကျသွားတဲ့ အသင်းရဲ့ ယုံကြည်မှုနဲ့ အဆင့်အတန်းကို ပြန်ပြီး မြင့်တက်လာစေဖို့ရာ အကူအညီဖြစ်စေဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။