ကျနော်တို့ကို ယုံကြည်ပေးကြပါ ဆိုပြီး လီဗာပူးပရိသတ်တွေထံသို့ ပေးပို့လာတဲ့ ကလော့ပ်ရဲ့ မက်ဆေ့

၂၀၂၃-၂၀၂၄ ဘောလုံးရာသီနဲ့ ပတ်သက်လို့ နည်းပြ ယာဂင်ကလော့ပ်က လီဗာပူး ပရိသတ်တွေကို အမှာစကား ပေးပို့လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အမြင့်ဆုံး အဆင့်တွေကို ရောက်ရှိသွားခဲ့ပြီးတဲ့နောက် အသင်းရဲ့ အဆင့်အတန်းကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ အပြောင်းအရွှေ့တိုင်းမှာ အဓိက ကစားသမားတွေကို လက်လွတ်နေရပြီး ပြန်လည် အစားထိုးနိုင်ဖို့ရာ ရုန်းကန်လာရပါတယ်။

ဒီနွေမှာ အပြောင်းအလဲတွေ ပြုလုပ်နေပြီး ရာသီသစ် စတင်ဖို့ ၃ ပတ် ဝန်းကျင် အလိုမှာ ကလော့ပ်က လီဗာပူးပရိသတ်တွေကို အကြောင်းမှု တစ်ခု ပြုလုပ်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “ ကုန်ခဲ့တဲ့ ၇ နှစ်ခွဲလောက်တုန်းက သံသယဝင်သူတွေ အဖြစ်ကနေ ယုံကြည်သူတွေ ဖြစ်လာပေးကြပါလို့ ကျနော် ပြောခဲ့ပါတယ်။ အချိန်တွေ ကြာလာခဲ့ပြီဖြစ်သလို ကျနော် ပြောခဲ့တာကလည်း အဲ့ကာလအတွက် သင့်လျော်တဲ့ စကား ဖြစ်ခဲ့ပါလိမ့်မယ်။

ကျနော်တို့ အားလုံး ပြောင်းလဲလာခဲ့ပါတယ်။ အဲ့အချိန်တုန်းက တကယ်တမ်း သံသယရှိနေသူဟာ ကိုယ်တိုင်ပဲ ဖြစ်နေလောက်ပေမယ့် ကျနော်က ယုံကြည်သူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျနော်တို့ ဖလားလေးလုံး အောင်မြင်လု ဖြစ်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ အဲ့နောက် ခက်ခဲတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါတွေက သံသယတွေ ဝင်လာစေတော့မှာပါ။ ဒါကို ကျနော် သိပါတယ်။

လူတွေက အပြောင်းအလဲတွေ ဖြစ်စေချင်လာကြတယ်။ ပွဲထွက် လူစာရင်း နေရာတိုင်းကစလို့ အပြောင်းအလဲ ဖြစ်လာစေချင်ကြတယ်။ ကျနော်တို့ ပြောင်းလဲကြည့်ကြပေမယ့် မှားယွင်းခဲ့ပြန်ပါတယ်။ အားလုံးကို ကျနော် တောင်းဆိုချင်တာက ကျနော်တို့အပေါ် ယုံကြည်ပေးကြပါ။

လီဗာပူးအသင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေအတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဘောလုံးရာသီတစ်ခုမှာ ကျနော်တို့ အစွမ်းကုန် ကြိုးစားဖို့ လိုပါတယ်။ အကောင်းဆုံး ဖြစ်လာရမယ်ဆိုတာ နားလည်ပါတယ်။ ကျနော်တို့ ဒါကို ဘယ်တော့မှ မမေ့ပါဘူး၊ အဲ့လို လုပ်ပြနိုင်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ပါပဲ ” လို့ မက်ဆေ့ ပေးလာခဲ့ပါတယ်။

ရာသီသစ်အတွက် အသင်းကို ယုံကြည်စွာ အားပေးနေကြမယ့် ပရိသတ်တွေအတွက် ကလော့ပ်ရဲ့ မက်ဆေ့ကို ကျနော်တို့ တစ်ဆင့် ပြန်လည် မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။