လွန်ခဲ့တဲ့ နှစ် ၂၀ က သမိုင်းဝင် ဆုံးဖြတ်ချက်မျိုး လီဗာပူးအသင်းမှာ တစ်ကျော့ပြန် မြင်ရဖို့ တောင်းဆိုမှုတွေ ရှိလာပါပြီ

လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာတော့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုကို ပြုလုပ်ရတော့မယ်လို့ အသင်းနဲ့ နီးစပ်သူတွေက စတင် သုံးသပ်လာကြပါပြီ။

ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွာခြင်းနဲ့အတူ လီဗာပူးအသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ရာထူးဟာ အပြောင်းအလဲ ရှိလာဦးမှာပါ။ လူတိုင်းက ဟန်ဒါဆန် နေရာကို ဗန်ဒိုက်က ဆက်ခံမယ်လို့ ယုံကြည်နေကြပေမယ့် ကိစ္စက ထင်သလောက် မရိုးရှင်းတာ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းမှာ ဆယ်စုနှစ် ၂ ခုအတွင်း အမြဲတမ်း အသင်းခေါင်းဆောင် ၂ ဦးပဲ ရှိခဲ့တာဖြစ်ပြီး တစ်ဦးက စတီဗင်ဂျရတ်ဖြစ်ကာ နောက်ထပ် တစ်ဦးက ဂျော်ဒန် ဟန်ဒါဆန် ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ဟန်ဒါဆန်နေရာ ဆက်ခံဖို့ရာ လီဗာပူး အဝတ်လဲခန်းမှာ ကစားသမားအချို့ကလည်း ပြိုင်ဆိုင်လာကြဖွယ် ရှိပါတယ်။

ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့ ၃ ဦးလုံးဟာ ၂၀၂၅ ခုနှစ်ထိ အသင်းနဲ့ စာချုပ်ရှိနေကြကာ သူတို့ထဲက ထရန့်ကို သက်တမ်းတိုးဖို့ ကလပ်ဘက်က စတင် ကြိုးစားနေပါပြီ။ ၂၀၂၅ မှာ အသက် ၃၅ နှစ်နဲ့ အသက် ၃၃ နှစ်ရှိနေမယ့် ဗန်ဒိုက်နဲ့ ဆာလာတို့ကိုတော့ သက်တမ်းတိုးဖွယ် မရှိတော့ပါဘူး။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ခံစစ်မှူး ဟစ်ပီယာဟာ အသင်းခေါင်းဆောင် ရာထူးကို တာဝန်ယူခဲ့ပေမယ့် ရုန်းကန်ခဲ့ရခြင်းနဲ့အတူ သူ့ရဲ့ လက်ပတ်ကို ထိုစဉ် အသက် ၂၃ နှစ်ပဲ ရှိသေးပြီး ကလပ်မှာ နာမည်ထိုးတက်လာတဲ့ အကယ်ဒမီထွက် ကြယ်ပွင့် စတီဗင်ဂျရတ်ထံ လွဲပြောင်းပေးခဲ့ပါတယ်။

နောက်တစ်နှစ်မှာ ဂျရတ်ကို ချယ်ဆီးက ခေါ်ယူဖို့ ကြိုးစားပေမယ့် လီဗာပူး အသင်းခေါင်းဆောင် တာဝန် ရယူနေရတာကို ကျေနပ်ခြင်းနဲ့အတူ ဂျရတ်က အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ထရန့်ကို စင်တင်ပေးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာပါ။

ထရန့်ရဲ့ စာချုပ်ဟာ ၂ နှစ်ပဲ ကျန်ရှိတော့တာမို့ သူ့ကို စာချုပ်သစ်ပေးချိန် အသင်းခေါင်းဆောင် ရာထူးကိုပါ မက်လုံးအဖြစ် အသုံးချနိုင်ပါတယ်။ ထရန့် ကိုယ်တိုင်က အနာဂတ်မှာ လီဗာပူးအသင်းကို ဦးဆောင်လိုတဲ့ အိပ်မက်ရှိကြောင်း ဖွင့်ဟထားပါတယ်။

ဗန်ဒိုက်ဟာ နယ်သာလန်အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရာမှာ အတော်လေး ဝေဖန်ခံထားရပါတယ်။ မနှစ်ကရာသီမှာ ဟန်ဒါဆန် မရှိချိန် လီဗာပူး အသင်းခေါင်းဆောင် တာဝန်ကို ရယူရင်း ဖိအားတွေအောက် ရုန်းကန်နေခဲ့ရသလို အသက် ၃၂ နှစ်အရွယ် ရှိနေပြီမို့ ဒီတာဝန်ကို ကာလရှည် ရယူပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။

ဂျရတ်ရဲ့ နောက်ကနေ ကာရေဂါ ကူညီပေးခဲ့သလိုပဲ ထရန့်ကို ဗန်ဒိုက်၊ ရော်ဘတ်ဆန်နဲ့ ဆာလာတို့ နောက်ကွယ်က ကူညီပေးခြင်းဟာ လီဗာပူးရဲ့ အဝတ်လဲခန်းကို ကာလရှည် ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ဦး ပျိုးထောင်ပေးပြီး ဖြစ်လိမ့်မယ်လို့ တိုက်တွန်းလာနေကြတာ ဖြစ်ပါတယ်။