ညနေခင်းတုန်းက ဂျာမနီက ဒုတိယမြောက် ခြေစမ်းပွဲကတော့ ၄-၄ ရလဒ်နဲ့ ပြီးသွားခဲ့ပါတယ်။ အသေးစား ဒဏ်ရာကြောင့် ဆိုဘို မပါနိုင်ခဲ့ပေမယ့် ဒီယက်ဇ် (၁ ဂိုး)၊ ဂက်ပို၊ ဆာလာ(၁ ဂိုး)၊ ဒါဝင် (၂ ဂိုး)တို့ ခြေစွမ်းပြခဲ့တဲ့ပွဲမှ ပြောစရာလေးတွေကို ကောက်နှုတ်ဖော်ပြသွားပါမယ်။
ဗန်ဒုတ်နဲ့ ဘရတ်ဒလေ
ပထမပိုင်း ခြေစွမ်းအရ ဗန်ဒုတ်နဲ့ ဘရတ်ဒလေတို့ဟာ လာမယ့်ရာသီ လီဗာပူးအသင်းမှာ ဆက်ရှိနေသင့်တဲ့ ကြယ်ပွင့် နှစ်ဦးပဲ ဖြစ်ပါတယ်။ ဗန်ဒုတ်ကို ဆာလာရဲ့ အရန်အဖြစ် ထားနိုင်ပြီး ဘရတ်ဒလေကတော့ ထရန့်နေရာ အရန် အဖြစ် မြင်လို့ရပါတယ်။ ဒီနှစ်နေရာကို လီဗာပူးအသင်းက လက်တလော အင်အားဖြည့်ဦးမှာ မဟုတ်ပါဘူး။
ဗန်ဒုတ်က အသက် ၁၇ နှစ်ပဲ ရှိသေးပေမယ့် အကယ်ဒမီမှာ ဆက်ထားဖို့ဆိုတာ နှမြောစရာ ဖြစ်နေပါပြီ။ ညာခြမ်း တောင်ပံမှာ သူ့ရဲ့ လျှင်မြန်လွန်းတဲ့ ပြေးနှုန်းနဲ့ တိုးအားဟာ အားရစရာကောင်းပေမယ့် အတွေ့အကြုံပိုင်းတော့ နုနယ်နေပါတယ်။
ဘရတ်ဒလေကတော့ မနှစ်ကရာသီ သူကစားခဲ့တဲ့ ပွဲပေါင်း ၅၀ ကျော်ကို ဒီရာသီမှာ ကစားရဖွယ် မရှိပေမယ့် စနစ်သစ်ပုံစံမှာ ဂိုးမက်စ်ထက် ပိုပြီး အံဝင်မယ့် အလားအလာ မြင်ရပါတယ်။ ဖလားပွဲတွေနဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေဟာ ဒုတ်နဲ့ ဘရတ်ဒလေတို့အတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။
ကွင်းလယ်မှာလည်း ရပါတယ်
ပြီးခဲ့တဲ့ ပွဲမှာ ဂက်ပို ကွင်းလယ် ဆင်းကစားနေတာ မြင်ခဲ့ရသလို ဒီနေ့ပွဲမှာတော့ ဘယ်ခြမ်း နံပါတ် ၈ သမားနေရာ ဝင်ကစားသွားပါတယ်။ ဂက်ပိုဟာ ကွင်းလယ်အတွက် ရွေးချယ်ရင်လည်း အထင်ကြီးလောက်သူပါ။ သူ့ရဲ့ မွန်းစတား တစ်ယောက်လို့ အားထုတ်နိုင်စွမ်းအပြင် ဖန်တီးနိုင်စွမ်းကလည်း လယ်ဗယ်တူမှာ ရှိပါတယ်။
ကွင်းလယ် အင်ဂျင်တစ်လုံးလို ကစားနိုင်တယ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ထိချက်ကောင်းတွေ ရှိသလို တိုက်စစ်လိုင်းနဲ့ ချိတ်ဆက်ဖို့ရာ အကွက်မြင်မှု ရှိပါတယ်။ သူဟာ ဖာမင်နိုနဲ့ တော်တော်လေး ဆင်ပြီး နည်းစနစ်ပိုင်း တော်တော်လေး ကောင်းသူဖြစ်ပါတယ်။ ဒီယက်ဇ်လည်း တော်တော်ကောင်းပါတယ်။
ဂက်ပိုဟာ ဒီယက်ဇ်နဲ့ ဂျိုတာကို အနောက်ကနေ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ လိုအပ်လာမယ်ဆိုရင် ထရန့်နဲ့ ကယ်လစ္စတာကို တွဲပေးပြီး တိုက်စစ်တန်းနောက်က ကွင်းလယ်ကို ပိုတာဝန်ယူရသူ နံပါတ် ၁၀ နေရာမှာ ဂက်ပိုကို မြင်ကြည့်လို့ ရပါတယ်။
ကိုသွင်းကြီးဖြစ်လာတဲ့ ဒါဝင်
ဒါဝင်က ဆာလာထက်တောင်မှ ဂိုးပေါက် ခြိမ်းခြောက်မှုမှာ ပိုမို ကောင်းမွန်နေပါတယ်။ ဆာလာ ဖန်တီးပေးတဲ့ အခွင့်အရေးတိုင်းကို နံပါတ် ၉ သမား တစ်ဦးရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်မှုမျိုးတွေကို ပြသခဲ့သလို သူကိုယ်တိုင်ကလည်း ဆာလာ ဂိုးသွင်းဖို့အတွက် ဖန်တီးပေးခဲ့ပါသေးတယ်။
ဒါဝင်ဟာ မနှစ်ကရာသီမှာ အထနှေးခဲ့ပြီး နောက်ပိုင်း ဂက်ပိုရဲ့နောက်ကို ရောက်သွားခဲ့ပါတယ်။ ရာသီသစ်မှာ ဘယ်လို တိုက်စစ်ကို ထုတ်သုံးမလဲ မသိသေးပေမယ့် ဒါဝင်၊ ဆာလာ တိုက်စစ်အတွဲက တော်တော်လေး နားလည်မှုရှိနေပါတယ်။
ဘင်ဖီကာမှာတုန်းကလည်း ဒါဝင်ဟာ ဒုတိယရာသီမှ ခြေစွမ်းကောင်းတွေ ပြသခဲ့တာပါ။ လက်တလော ခြေစွမ်းကို ဆက်ထိန်းနိုင်ရင် ဒါဝင် ပွဲထွက်ခွင့်ရမှာ သေချာပါတယ်။
Liverpool vs Greuther Furth 4-4 – All Goals
ပိုဆိုးလာတဲ့ အရန်တွေ
အဓိက ဂိုးသမား အယ်လီဆန်၊ ဒုတိယဂိုးသမား ကလယ်ဟာဆိုပေမယ့် အခြားသော ဂိုးသမားတွေကိုလည်း စမ်းသုံးကြည့်လိုတာကြောင့် အတ်ဒရီယန်ကို သုံးခဲ့ပြီး စပိန်သားဟာ အမှားကြီးတွေ လုပ်မိခဲ့ပါတယ်။
ဗဟိုခံစစ်ကို ဦးဆောင်တဲ့ ဂိုးမက်စ်နဲ့ မာတစ် ကိုယ်တိုင်ကလည်း တစ်ဦးချင်း အမှားတွေ များလွန်းပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားဖို့ ရုန်းကန်နေကြရပါတယ်။ ကွမ်းဆက်၊ ကိုစတက်စ်တို့ကို ဗန်ဒိုက်တို့နဲ့ တွဲကစားစေရင် ဒီလောက် အခြေအနေဆိုးမှာ မဟုတ်ပါဘူး။
လက်ရှိ လီဗာပူးမှာ တိုက်စစ်က အတော်လေးကို တောင့်တင်းပါတယ်။ ဒီယက်ဇ်၊ ဂျိုတာတို့ကလည်း ဒါဝင်ကိုကျော်ပြီး ပွဲထွက်ခွင့်ရနိုင်တဲ့ ကစားသမားတွေပါ။ ကွင်းလယ်ကလည်း နံပါတ် ၆ နေရာကလွဲရင် အင်အားကောင်းပါတယ်။ ဂက်ပိုကို ကွင်းလယ်မှာ သုံးလို့ရနိုင်ပြီး ဟာဗေး၊ ဂျုံး၊ ကယ်လစ္စတာနဲ့ ဆိုဘိုတို့ ရှိပါတယ်။
ခံစစ်ကတော့ တော်တော်လေးကို လိုအပ်ချက် များပါတယ်။ ဗန်ဒိုက်၊ ကိုနတေးတို့ ဒဏ်ရာရရင် ခံစစ်ကတော့ မျက်ဖြူစိုက်ဖွယ် ရှိနေပါတယ်။