ပရိသတ်တွေထံက ချီးကျူးသံ မရသေးပေမယ့် ကလော့ပ်နဲ့ သုံးသပ်သူတွေ သဘောတွေ့နေတဲ့ လီဗာပူး အသင်းသား

ဒီတလောမှာ နည်းပြကလော့ပ်ဟာ ကွင်းလယ် တစ်နေရာအတွက် ကာတစ်ဂျုံးကို ပုံသေ အသုံးပြုနေပြီး အသက် ၂၂ နှစ်အရွယ် လီဗာပူးကြယ်ပွင့်ဟာ ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရလာနေပြီဖြစ်ပါတယ်။

ကြံ့ခိုင်မှု ပြဿနာကြောင့် ရာသီစပွဲတွေကို မပါနိုင်ခဲ့တဲ့ ကာတစ်ဂျုံးဟာ အခုတလော ပုံမှန်ပွဲထွက်ခွင့် ရလာနေခဲ့တာဖြစ်ပါတယ်။ စနစ် အပြောင်းအလဲမှာ ထရန့် ကွင်းလယ်နေရာ ဝင်ကစားနေတာက သိသာတဲ့ ပြောင်းလဲမှုဖြစ်သလို ဘယ်ခြမ်း ကွင်းလယ်မှာ ကာတစ်ဂျုံးက သီယေဂိုကို ကျော်ပြီး နေရာရလာတာကလည်း လူတိုင်း သတိပြုမိလာကြပါတယ်။

သူဟာ ဝက်စ်ဟမ်းပွဲမှာ ဘောလုံးပေးမှု ၇၁ ကြိမ် လုပ်ခဲ့ပြီး ၉၄.၄% တိကျခဲ့ပြီး ဘောလုံးရှင်းထုတ်မှု ၅ ကြိမ်၊ ကြားဖြတ်ဝင်ယူမှု ၂ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၃ ကြိမ် (ပွဲအတွင်း အမြင့်ဆုံး) တို့ကို လုပ်နိုင်ခဲ့ပါတယ်။

ကလော့ပ်က ” ကောင်တာဖိအားပေး အခြေအနေတွေမှာ ကာတစ်ဂျုံးက အရမ်းကို အရေးပါလာတယ်။ ဒီအသင်းက ခံစစ်ပေါ်မှာ အခြေခံထားတာဖြစ်တယ်၊ ခံစစ်ပိုင်း ဖတ်နိုင်စွမ်းတွေအပေါ် အခြေခံတယ်။ ဒီအသင်းမှာ ပွဲထွက်ခွင့်ရဖို့ လက်မှတ်က အဲ့တာပဲ။

အခြား လူငယ်တွေမှာ အခွင့်အရေး မရှိဘူးလို့ မပြောဘူး။ ဒါပေမယ့် လက်တလော အသင်းက သားရဲတွေလိုပဲ။ ကျနော် တကယ်သဘောကျတယ်။ ကျနော်တို့ ဘောလုံးကောင်းကောင်း ပြန်ကစားလာနိုင်တယ်။ ဒီအသင်းမှာ ကာတစ်ဂျုံးကလည်း သေချာပေါက် အရေးပါနေပါတယ် ” လို့ ဝက်စ်ဟမ်းပွဲအပြီး ထုတ်ပြောခဲ့တယ်။

ဝက်စ်ဟမ်းပွဲအပြီးမှာ ဂျုံးရဲ့ တည်ငြိမ်တဲ့ ခြေစွမ်း၊ ကောင်တာ-ဖိအားပေးမှုတွေမှာ ပြင်းထန်တဲ့ အားထုတ်မှုတွေအရ သူ့ကို မကောင်းမြင်မှုတွေကို လျော့ချပြီး လက်တွေ့ကျကျ ချီးကျူးမှုလုပ်ဖို့ အချိန်တန်ပြီလို့ ထောက်ပြလာခဲ့ကြတယ်။

Goal က တစ်ဆင့် Neil Jones ကဆိုရင် ” ဒီနွေမှာ လီဗာပူးက ကွင်းလယ်ကို သေချာပေါက် ပြန်တည်ဆောက်ရမှာပါ။ ဒါပေမယ့် ကာတစ်ဂျုံးက လက်လွတ်သင့်သူ မဟုတ်သေးပါဘူး။ သူက တိုးတိုးတိတ်တိတ်ပဲ ကြယ်ပွင့် တစင်းလို လီဗာပူး လူစာရင်းထဲ ထိုးဖောက်လာနေတယ်၊ ပုံစံကောင်းတွေ ပြနေတယ်။

သူလီဗာပူး ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရတာ ကောင်တာ-ဖိအားပေး လုပ်နိုင်စွမ်းကြောင့်ပဲ။ ဘောလုံးမရှိချိန်မှာ သူက တော်တော်လေးကောင်းတယ်၊ ရည်ရွယ်ချက်ရှိတယ်၊ တိကျမှုရှိတယ်၊ ယုံကြည်ချက်ရှိရှိ ကစားတယ်။ ကွင်းထဲက လူတိုင်းထက် အကောင်းဆုံး ပေးချက်တွေ လုပ်နိုင်ဖို့ အားထုတ်တယ်၊ အဆုံးသတ်ပိုင်းတွေမှာ ပေးမှုတွေ ပိုလုပ်လာနိုင်တယ်။

သူက သီယေဂိုကို အရန်ခုံမှာ ဆက်ထိုင်ရအောင်ကို အားထုတ်နေတယ်။ လူငယ်စတား တစ်ယောက်ရဲ့ ထူးချွန်တဲ့ ခြေစွမ်းပါပဲ။ အခုချိန်မှာ စိန်ခေါ်မှုက သူဟာ ပွဲထွက်နေရာကို ဆက်လက် ကိုင်စွဲပြီး အန်ဖီးရဲ့ အာရုဏ်သစ်မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်စွမ်း ရှိသူဆိုတာ သက်သေပြဖို့ပါပဲ ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။