

အကယ်လို့ ပရီးမီးယားလိဂ်ပွဲဆိုရင် ဆိုဘိုစလိုင်ကို ထုတ်သုံးမှာဖြစ်ပေမယ့် ခြေစမ်းပွဲပဲဖြစ်လို့ စွန့်စားပြီး သုံးမနေဘဲ အနားပေးလိုက်တာလို့ ကလော့ပ်က ပြောပါတယ်။
လိုက်ဇစ်ထံ အငှားထွက်နေတဲ့ ကာဗာရိုက ” ကျနော်နဲ့ ကလော့ပ်ကြား စကားအများကြီး မပြောပါဘူး။ သူက ကျနော်ကို အကြံတွေလည်း မပေးခဲ့ဘူး။ ကိုယ်ဘာသာပဲ သင်ယူခဲ့ရတာဖြစ်ပါတယ်။ အဲ့တာကပဲ ကျနော်ကို ပိုရင့်ကျက်စေခဲ့တာပါ ” လို့ ထုတ်ပြောလာပါတယ်။
ကာဗာရိုရဲ့ ပြောဆိုမှုကြောင့် ဘယ်တောင်ပံသမားဟာ လီဗာပူးအသင်းမှာ အနာဂတ် မရှိတော့ဖို့က ဖြစ်နိုင်ချေများနေပြီလို့ ပရိသတ်တွေဘက်က မှတ်ချက်ပေးနေကြပါတယ်။
ဂျာမနီက ခြေစမ်းပွဲ ၂ ပွဲမှာ ဒါဝင်ဟာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့တာကြောင့် သူ့ရဲ့ တည်ငြိမ်မှုတွေကို စတင် ရရှိနေပြီလို့ ပရိသတ်တွေက ချီးကျူးနေပါတယ်။
ဖာဘင်ညိုရဲ့ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ရေး မပြီးမြောက်သေးတာဟာ သူ့ရဲ့ ခွေးလေးတွေကြောင့် မဟုတ်ဘဲ ဆော်ဒီဘက်က ပေးမယ့် ပြောင်းရွှေ့ကြေးငွေတွေ တရားဝင် စီးဆင်းနိုင်ရေး ကိစ္စတွေ ညိနှိုင်းနေရတာကြောင့် ဖြစ်ပါတယ်။
၃ နှစ်ဆက်တိုက်အဖြစ် လီဗာပူး အိမ်ကွင်း အန်ဖီးဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ ကွင်းအဖြစ် မဲပေးခံရပါတယ်။ ဒုတိယနဲ့ တတိယနေရာတွေမှာ စိန့်ဂျိမ်းပက်ခ်နဲ့ အိုးထရတ်ဖိုဒ့်တို့ ရှိနေပါတယ်။
တနင်္ဂနွေနေ့ စင်္ကာပူမှာ ယှဉ်ပြိုင်မယ့် လက်စတာနဲ့ပွဲကစလို့ နည်းပြကလော့ပ်ဟာ ပထမအသင်းကို မိနစ် ၆၀၊ ဒုတိယအသင်းကို မိနစ် ၃၀ ပုံစံတွေ စတင် ပွဲထုတ်လာဖို့ ရှိပါတယ်။
မနေ့ညကပွဲမှာ ဂိုးသမား ကလယ်ဟာ မပါခဲ့တာက အသင်းပြောင်းဖို့ နီးစပ်နေတာကြောင့် မဟုတ်ဘဲ နည်းပြအဖွဲ့က အတ်ဒရီယန်နဲ့ ပီတာလူဂါတို့ကိုပါ အခွင့်အရေး ပေးလိုတာကြောင့် ဖြစ်ပါတယ်။
ဂျာမနီ ခြေစမ်းပွဲတွေအပြီး ခံစစ်မှူးနဲ့ ကွင်းလယ်ခံစစ်သမား သေချာပေါက် ခေါ်ယူဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေကို တောင်းဆိုမှုတွေ အရှိန်မြှင့်တက်နေပြီ ဖြစ်ပါတယ်။