လီဗာပူးအသင်းဟာ ဂျာမနီ ဒုတိယတန်းကလပ် ဖို့ဒ်အသင်းနဲ့ ၄-၄ သရေကျတဲ့ ခြေစမ်းပွဲမှာ ဆိုဘိုစလိုင်းကို ထည့်သုံးခဲ့ခြင်း မရှိပါဘူး။
ဆိုဘိုနေရာမှာ ဂက်ပိုကို အသုံးပြုခဲ့ပြီး ဟန်ဂေရီ ကွင်းလယ်လူဟာ ခြေကျင်းဝတ်မှာ အသေးစား ဒဏ်ရာရထားတယ်လို့ သိရတာပါ။ လိုက်ဇစ်ကနေ ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူထားတဲ့ ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာဟာ မပြင်းထန်ပေမယ့်လို့ ရာသီကြိုမှာ စွန့်စားပြီး အသုံးမပြုလိုခြင်းကြောင့် သူ့ကို အနားပေးဖို့ နည်းပြအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဆိုဘိုရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပွဲမတိုင်ခင်မှာ နည်းပြကလော့ပ်ကတော့
“ လေ့ကျင့်ရေးမှာ ဒေါမနစ်ရဲ့ ခြေကျင်းဝတ် အနည်းငယ် ထိခိုက်မိခဲ့တာပါ။ လူတိုင်းက သူ့ရဲ့ အခြေအနေကို အကောင်းမြင်ပါတယ်။ အကယ်လို့ အခုပွဲ (ဖို့ဒ်) က ပရီးမီးယားလိဂ် ပွဲစဉ်ဆိုရင် သူ့ကို သုံးလို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က စွန့်စားမှု မလုပ်ချင်ပါဘူး။
ခရီးထွက်ပြီးတဲ့နောက် လက်စတာပွဲမှာ သူ့ကို သုံးမလား ကျနော်တို့ ကြည့်ရှုပါဦးမယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာတော့ သူပါဝင်ကစားနိုင်မှာ သေချာပါတယ် ” လို့ ပွဲကြိုမှာ ဖြေဆိုခဲ့ပါတယ်။
ဂျာမနီ ခြေစမ်းပွဲအပြီး သတင်းတွေအရ ကြာသပတေးနေ အာရှကို ထွက်လာမယ့် လူစာရင်းမှာ ပါဝင်ဖို့ ဆိုဘိုရဲ့ အခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။ သူဟာ ဒီအပတ် စင်္ကာပူ ခရီးစဉ်မှာ ကြံ့ခိုင်မှု ကောင်းမွန်စွာဖြင့် ပြန်လည် ပါဝင်နိုင်မယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အရှေ့တောင်အာရှမှတ် တစ်ပတ်ကြာ ဆက်လက် လေ့ကျင့်မှာဖြစ်ပြီး လက်စတာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ခြေစမ်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။