ကာဗာရိုရဲ့ စကားကြောင့် တိုက်စစ်သမားဟာ လီဗာပူးကို အပြီးသတ် စွန့်ခွာမယ်လို့ ပရိသတ်တွေ ထင်မြင်ချက်ပေး

လိုက်ဇစ်အသင်းထံ အငှားထွက်နေတဲ့ တိုက်စစ်သမား ကာဗာရိုက ရာသီကြိုမှာ သူနဲ့ ကလော့ပ် ဆက်ဆံရေးကောင်း မရှိကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

မနှစ်တုန်းက ဖူလ်ဟမ်ကနေ ပေါင် ၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကာဗာရိုဟာ နံပါတ် ၁၀ နဲ့ ဘယ်တောင်ပံ နေရာတွေမှာ အဓိက ကစားသူပါ။ သူဟာ ကလော့ပ် လက်အောက် ပြိုင်ပွဲစုံမှာ ၂၂ ပွဲပဲ ကစားရပြီး ပွဲအများစုက မိနစ်ပိုင်းပဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ လိုက်ဇစ်ကို တစ်ရာသီ အငှားဖြင့် ထွက်သွားခဲ့ကာ အခုလို စိန်ခေါ်မှုအသစ်ကို လက်ခံလိုက်တာက ကလော့ပ်ရဲ့ အကြံပေးမှုကြောင့်လားလို့ မေးမြန်းခံခဲ့ရပါတယ်။

ကာဗာရိုက “ ကျနော်နဲ့ ကလော့ပ်ကြား စကားအများကြီး မပြောပါဘူး။ ဒီတော့ သူက ဘာအကြံဉာဏ်မှလည်း ကျနော်ကို မပေးခဲ့ဘူး။ ကိုယ်ဘာသာပဲ သင်ယူခဲ့ရတာပါ။ ဒါကို မကောင်းဘူးလို့ မထင်ပါဘူး။ အဲ့တာကပဲ ကျနော်ကို ပိုရင့်ကျက်စေခဲ့တာပါ ” လို့ ထုတ်ပြောလာပါတယ်။

ကာဗာရိုရဲ့ မှတ်ချက်ကြောင့်ပဲ လီဗာပူးပရိသတ်တွေတစ်ဦးက ” အသင်းအတွက် ကာဗာရို ကစားပေးဦးမယ် ထင်ကြတုန်းလား။ နောက်ရာသီ သူ အပြီးပြောင်းမှာပါ ” လို့ ဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။

အခြား တစ်ဦးကတော့ မူရင်းပိုစ့်ကို ရှယ်ပြီး ” သူတော့ လီဗာပူးကနေ ထွက်တော့မှာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ကောင်းမွန်တဲ့ ကစားသမားဘဝ ရစေဖို့ ဆုတောင်းပေးပါတယ် ” လို့ ထုတ်ပြောသွားခဲ့တယ်။

အခြားတစ်ဦးက ” ကာဗာရိုတော့ လီဗာပူးကို ပြန်မလာချင်တော့ဘူးလို့ ခံစားမိတာပဲ ” လို့ ပြောဆိုခဲ့ပြီး အခြားတစ်ဦးက ” ဒီလို စိတ်ထားမျိုးနဲ့ဆိုရင် ကလော့ပ်မှ မဟုတ်ဘူး ဘယ်နည်းပြလက်အောက် ဖြစ်ဖြစ် ခက်ခဲနိုင်တယ် ” လို့ သဘောမကျစွာ မှတ်ချက်ပေးပါတယ်။

လီဗာပူးမှာ ဘာလို့ အလုပ်မဖြစ်သလဲ မေးခွန်းကို ကာဗာရို ကိုယ်တိုင်ကတော့ ” ကျနော် ကစားတဲ့ နေရာကြောင့်ပဲ လီဗာပူးမှာ အဆင်မပြေတာလို့ ထင်ပါတယ်။ ကျနော်က နံပါတ် ၁၀ နေရာ ကစားသူပါ။ လီဗာပူးအသင်းကျ လိုက်ဇစ်မှာလို နံပါတ် ၁၀ သမား နေရာ သတ်မှတ်ပေးထားတာ မရှိဘူးလေ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။