လီဗာပူးပရိသတ်တွေဘက်က ဒီရာသီ အားမရနိုင်ဖြစ်နေပေမယ့် ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ အသင်းကို ပြန်လည် တည်ဆောက်မှုအား စတင်နေခဲ့ပြီဖြစ်ကြောင်း မာဆေးဆိုဒ် သတင်းဌာနမှ အသင်းသတင်းထောက် Ian Doyle က ဆိုပါတယ်။
BT Sport ရဲ့ ဒီအပတ် Football People podcast အစီအစဉ်မှာ နည်းပြကလော့ပ်က ” ကလပ်နဲ့ စာချုပ်သစ် လက်မှတ်ထိုးခဲ့တာဟာ ပြန်လည် တည်ဆောက်ဖို့ လိုအပ်တာကလည်း အဓိက အကြောင်းရင်းတွေထဲက တစ်ချက် ဖြစ်ပါတယ်။
အားလုံးက တစ်ညတည်းသော ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြင်ပကမ္ဘာက လူတိုင်းဟာ ကာလတို အခြေအနေအတွက်ပဲ စိတ်ဝင်စားကြတာကို ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့က ကာလရှည်တွေ အထိ အာရုံစိုက်ရပါတယ်။ ဒါကိုပဲ ကျနော်တို့ လုပ်ဆောင်နေတာပါ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။
ယာဂင်ကလော့ပ်ကတော့ ပြန်လည် တည်ဆောက်မှုဆိုတဲ့ စကားလုံး အစား အကူးအပြောင်း ကာလအဖြစ် မေလကတည်းက ပြောဆိုထားတာပါ။ ကလော့ပ် လက်ထက် လီဗာပူးအသင်းဟာ အဆင့်လိုက် အမြဲတမ်း တိုးတက်လာခဲ့ပြီး ဆုဖလား စိန်ခေါ်ခဲ့တာဖြစ်လို့ လက်တလော အခြေအနေကို လက်မခံနိုင် ဖြစ်ကြရပါတယ်။
၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီးတဲ့နောက် လီဗာပူးအသင်းဟာ ကစားသမားတွေကို စျေးကြီးပေးပြီး ခေါ်ယူမှုတွေ လုပ်လာခဲ့တယ်။ အဲ့နောက်ပိုင်း ခေါ်ယူခဲ့တဲ့ ကစားသမား ၁၇ ဦးမှာ သီယေဂိုနဲ့ ပွဲကစားခွင့်မရဘဲ ထွက်သွားတဲ့ ဘမ်ဒေးဗစ်ကလွဲရင် ကျန်ကစားသမားတွေက ၂၄ နှစ် ဝန်းကျင်တွေမှာ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
ကုန်ခဲ့တဲ့ ၁၈ လအတွင်းမှာ လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူမှုအတွက် ပေါင် ၂၃၀ သန်း ထိ အသုံးပြုထားခဲ့တယ်။ အဲ့ထဲမှာတော့ ၂၀၂၂ ခုနှစ်ရဲ့ စျေးအကြီးဆုံး ခေါ်ယူမှု ၂ ခုဖြစ်တဲ့ ဒါဝင် နူးညက်စ်နဲ့ လူးဝစ် ဒီယက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။
တူညီတဲ့ နေရာမှာ တူညီတဲ့ အုပ်ချပ်တွေဖြင့် အသုံးပြုတာကို ပြန်လည် တည်ဆောက်ခြင်းလို့ ခေါ်ယူနိုင်မလား? ဒါဟာ ကလော့ပ်ရဲ့ လူစာရင်း ပြန်တည်ဆောက်မှုနဲ့ နည်းစနစ်ပိုင်းအတွက် အဓိက မေးခွန်းတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။
မကြာခင်မှာ အသင်းရဲ့ ဝါရင့် ကစားသမားတွေနေရာ လူသစ်တွေ ပိုမို ပါဝင်လာပြီး အဓိက ကျောရိုးတွေ အပြောင်းအလဲ ပိုဖြစ်လာမှပဲ ကလော့ပ်ရဲ့ အသွင်ပြောင်းမှုကို ပိုပြီး သေချာ မြင်ရမှာ ဖြစ်ပါတယ်။
သိသာတဲ့ ပြောင်းလဲလာခြင်းကတော့ လီဗာပူးအသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၃၀နဲ့ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားပြီးချိန်မှာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက အဓိက ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေဟာ အတော်လေး ကန့်သတ်ထားတဲ့ ပွဲကစားခွင့်တွေပဲ ရရှိလာပါတော့တယ်။
ဒါပေမယ့်လို့ ဒါဝင် နူးညက်စ်ကလည်း ပွဲပယ်နဲ့ ကြံ့ခိုင်မှုပိုင်းတွေကြောင့် ၁၅ ပွဲမှာပဲ ပွဲထွက်လူစာရင်းက ပါဝင်ထားတယ်။ ဒီယက်ဇ်ဟာ ဒီရာသီမှာ ၁၁ ပွဲပဲ ပွဲထွက်နိုင်ပြီး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ကိုနတေးက ဒဏ်ရာကြောင့် ပွဲအနည်းငယ် လွဲနေပြီး ၈ ပွဲပဲ ပွဲထွက်ထားရတယ်။
ကာဗာရို၊ ရမ်ဆေးတို့ကတော့ စီနီယာ အသင်းဖော်တွေကို ဖိအားပေးဖို့ ရုန်းကန်နေရပြီး အားကစားဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် အတော်လေး ပွဲကစားခွင့် နည်းနေပါတယ်။ ဂတ်ပိုကတော့ အသင်းကို စရောက်လာပြီးတည်းက အခြေကျအောင် နေခွင့်မရဘဲ ၄ ပွဲဆက် ပွဲထွက်ခဲ့ရတာပါ။
တိုက်စစ်သမားတွေထဲ အဓိက အသင်းသားဖြစ်သူ ဂျိုတာဟာ ဒီရာသီမှာ ၄ ပွဲပဲ ကစားထားရပါတယ်။ ဒီလို လူစာရင်း စုစည်းမှုမရတဲ့ အခြေအနေမှာ ဖာဘင်ညို၊ ဟန်ဒါဆန်တို့ရဲ့ ခြေစွမ်း ကျဆင်းမှုတွေကလည်း အကူအညီ မဖြစ်ခဲ့ပြန်ပါဘူး။
ပြဿနာတွေ အားလုံး စုဝေးနေချိန်မှာ အားကစားဒါရိုက်တာ နှုတ်ထွက်တာ၊ ကလပ်ဆရာဝန်ကို ၅ လဝန်းကျင်ထိ အသစ်မရှာနိုင်တာ၊ အပြောင်းအရွှေ့ ဒေတာ အကြီးအကဲ ထွက်ခွာတာ ဒါတွေကလည်း ခက်ခဲစေပါတယ်။ ဒီလို အနေအထားမှာ ကွင်းလယ် တစ်ဦး ခေါ်လိုက်တာနဲ့ ပြေလည် မသွားဘူးလို့ ကလော့ပ်က မြင်ပါတယ်။
ကွင်းလယ်ပိုင်း တောင်းဆိုခံရမှုတွေ ရှိနေပေမယ့် ၂၀၂၂ ရာသီကြိုမှာ အသင်းဟာ အာသာ တစ်ဦးတည်းကို အငှားဖြင့် ခေါ်ယူခဲ့ပြီး ဒါကလည်း အလုပ်ဖြစ်တဲ့ အပြောင်းအရွှေ့ မဟုတ်ခဲ့တာ မြင်သာပါလိမ့်မယ်။ ဇန်နဝါရီမှာလည်း ကွင်းလယ်အစား ဂတ်ပိုကို ခေါ်ယူခဲ့တာကလွဲလို့ အခြား တိုးတက်တဲ့ လှုပ်ရှားမှု မမြင်ခဲ့ရပါဘူး။
ဒါပေမယ့် ၂၀၂၃ မှာ ကလပ်ရဲ့ အဓိက ပစ်မှတ်ဟာ ကွင်းလယ် ပြန်လည် အင်အားဖြည့်ဖို့ ဆိုတာကတော့ မြင်သာလာခဲ့ပါတယ်။ ၂၀၂၃ နွေမှာ ဘယ်လင်ဟမ်၊ မက်စရုစ် နူးနက်တို့ကို ချိတ်ဆက်ဖို့ အတော်လေး အားကောင်းတဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။
” အသွင်ကူးပြောင်းမှု အချိန်ကာလမှာ ကိုယ်က ပြဿနာတွေ အားလုံးကို ရင်ဆိုင်ရပါတယ်။ စိတ်ပျက်စရာ ဒဏ်ရာတွေကလည်း ကိစ္စတွေကို ပိုပြီး ခက်ခဲစေပါတယ်။ အများစုကတော့ လက်တလော အခြေအနေကိုပဲ ပိုစိတ်ဝင်စားနေတာ ကျနော် နားလည်ပါတယ် ” လို့ ကလော့ပ်က ဆက်ပြောပါတယ်။
လီဗာပူးအသင်းဟာ မကြာခင်မှာတော့ အုပ်ချပ်ဟောင်း နေရာတွေကို အုပ်ချပ်သစ်တွေဖြင့် အစားထိုးတော့မှာပါ။ အသင်းရဲ့ ကာလရှည် ပြန်တည်ဆောက်မှု ရုပ်လုံးပေါ်လာခဲ့ရင် ဒီကာလတွေအတွင်း ရင်ဆိုင်နေရတဲ့ ပြင်းထန်တဲ့ မုန်တိုင်းကို ကျော်ဖြတ်နိုင်မှာလား? လီဗာပူးဟာ ခံ့ခံ့ညားညား ပြန်ပေါ်ထွက်လာမလား? အချိန်ကပဲ စကားပြောပါလိမ့်မယ်။