လီဗာပူးအသင်းဟာ ဩစတြီးယား ကလပ် LASK အသင်းကြယ်ပွင့် ကီတို နာကာမူရာကို ယူရို ၇ သန်းဖြင့် ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ဒီလတွေအတွင်း လီဗာပူးဘက်က နာကာမူရာကို လိုက်လံ ကြည့်ရှုနေပြီး ညာခြေသန် ဘယ်ခြမ်းတိုက်စစ်သမားအတွက် ကမ်းလှမ်းမှု ပေးခဲ့ရာမှာ LASK ဘက်က ပယ်ချလိုက်တာပါ။ ဩစတြီးယားကလပ်က နာကာမူရာကို ရောင်းထုတ်သွားဖို့ ရည်ရွယ်ချက်ရှိပေမယ့် ကလပ်စံချိန်တင်ကြေး ယူရို ၁၀ သန်းဖြင့် ရောင်းချလိုတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းမှာ ဘယ်ခြမ်းနေရာအတွက် ဂက်ပို၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ ကစားနိုင်ပေမယ့် နာကာကူရာကို ကမ်းလှမ်းခြင်းက အံ့ဩစရာ ဖြစ်ပါတယ်။ ဂျပန် တိုက်စစ်သမားဟာ မနှစ်ကရာသီမှာ ကိုယ်တိုင် ၁၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထိ LASK အသင်းနဲ့ စာချုပ်ရှိထားတဲ့ နာကာမူရာကို ပြင်သစ်ကလပ် လိုင်လီနဲ့ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ နာကာကူရာဟာ သူ့ရဲ့ မြန်နှုန်း၊ ထိချက်ကောင်းတွေကြောင့် နာမည်ရလာနေသူပါ။
လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ ဒီယက်ဇ်နဲ့ ဂျိုတာတို့ဟာ မနှစ်ကရာသီ ကာလရှည် ဒဏ်ရာတွေ ရခဲ့ကြတာ ဖြစ်ပါတယ်။ နည်းပြကလော့ပ်က ဒါဝင်ကို နံပါတ် ၉ နေရာ ဂက်ပိုကို ကွင်းလယ် နံပါတ် ၈ နေရာတွေအတွက်ပါ အသုံးပြုမှုတွေ ရှိထားပြီး ဘယ်ခြမ်းနေရာ အရန်အဖြစ် နာကာမူရာကို စိတ်ဝင်စားနေတာလို့ ယူဆရတာဖြစ်ပါတယ်။