လာဗီယာကို ခေါ်နိုင်ဖွယ် ရှိခြင်း၊ ကိုးဝဲလ်ကို ချဉ်းကပ်နေခြင်း၊ ဒီယက်ဇ်ကို စွန့်စားပြီး ရောင်းဖို့ မရှိခြင်း၊ နှုတ်ဆက်လိုက်တဲ့ ဟန်ဒါဆန်နဲ့ လီဗာပူး နံနက်ခင်း သတင်းများ

လီဗာပူးနဲ့ ဆော်ဒီကလပ်တို့ဟာ ဖာဘင်ညို အပြောင်းအရွှေ့ ကိစ္စ စကားပြောမှု ပြန်လည် စတင်နေပါပြီ။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ပဲဖြစ်ကာ ဒီတစ်ကြိမ်တော့ အဆင်ပြေမယ်လို့ အသံထွက်နေပါတယ်။

ဂျော်ဒန် ဟန်ဒါဆန်ဟာ လီဗာပူးအသင်းကို နှုတ်ဆက်လိုက်ပြီဖြစ်ကာ ကလပ်ကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ရတာကို ဘဝတစ်လျှောက်လုံး ဂုဏ်ယူနေမယ်လို့ ပြောဆိုသွားပါတယ်။

ဟန်ဒါဆန်ကို ခေါ်ယူသွားတဲ့ Al-Ettifaq အသင်း ဥက္ကဋ္ဌဟာ လီဗာပူး အမာခံ ပရိသတ်ဖြစ်ပါတယ်။ သူဟာ နည်းပြအဖြစ် စတီဗင်ဂျရတ်ကို ခေါ်ယူခဲ့ပြီးနောက် အခု ဟန်ဒါဆန်ကိုပါ ခေါ်ယူခဲ့ခြင်းဖြစ်ကာ သူတို့ ကလပ်ရဲ့ ဒါဘီပြိုင်ဘက်ကတော့ ဆော်ဒီလိဂ် ဒုတိယတန်းမှာ ရှိနေပြီး လီဗာပူးသား ရော်ဘီ ဖောင်လာက နည်းပြအဖြစ် တာဝန်ယူနေပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ပေါင် ၄၅ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။

အခုချိ်န်ထိ တရားဝင် ကိစ္စတွေ ဖြစ်မလာသေးပေမယ့် လီဗာပူးအသင်းဘက်က ချယ်ဆီး ခံစစ်မှူး လီဗီ ကိုးဝဲလ်အတွက် ချဉ်းကပ်မှု လုပ်နေကြောင်း သတင်း ထွက်နေပါတယ်။

ခံစစ်သမား ကော်နာ ဘရတ်ဒလေဟာ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုပြီး ဒီရာသီ အန်ဖီးမှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒီယက်ဇ်အတွက် ဆော်ဒီကလပ် Al Hilal အသင်း ရဲ့ စိတ်ဝင်စားမှုကို ရပ်တန့်နိုင်ဖို့ လီဗာပူးအသင်းက တော်တော်လေး အားထုတ်နေခဲ့ရပြီး ဟန်ဒါဆန်၊ ဖာဘင်ညို ပြီးနောက် ဘယ်တောင်ပံသမားကိုပါ ဆုံးရှုံးခဲ့ရင် အသင်းဟာ စွန့်စားမှု သိပ်များသွားမယ်လို့ ကလပ်တာဝန်ရှိသူတွေ ယုံကြည်နေပါတယ်။

ခံစစ်မှူးဟောင်း လိုဗရန်နဲ့ ဆာလာတို့ဟာ ၃ နှစ်ကြာပြီးမှ ပထမဆုံး အကြိမ်အဖြစ် အပြင်မှာ ပြန်တွေ့ဆုံခဲ့ကြကာ ပျော်ရွှင်စွာ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပါတယ်။ သူတို့ နှစ်ဦးဟာ လီဗာပူးအသင်းမှာ ဟန်ဒါဆန် လယ်လာနာ အတွဲနည်းတူ အခင်ဆုံး အတွဲအဖြစ် နာမည်ကြီးခဲ့ကြတာပါ။