ဂျာမနီ ရာသီကြို ခရီးစဉ်ကနေ ပြန်လာပြီးတဲ့နောက် လီဗာပူးအသင်းဟာ ခံစစ်သမား ကော်နာ ဘရတ်ဒလေကို စာချုပ်သစ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ညာအစွန်လူဟာ ဒီလ အစောပိုင်းမှာတင် လီဗာပူးအသင်းနဲ့ ၃ နှစ် သက်တမ်းတိုးဖို့ သဘောတူညီထားတယ်လို့ သိရတယ်။ ရာသီကြိုမှာ သူဟာ ညာခြမ်းနဲ့ ကွင်းလယ် ပူးတွဲကစားတဲ့ ထရန့်ရဲ့ နေရာကို ဝင်ယူနေခဲ့ပါတယ်။
ညာခြမ်းမှာ ထရန့်ကို ကာဗာပေးဖို့အတွက် ဂိုးမက်စ် တစ်ဦးတည်း ရှိထားတာဖြစ်ကာ ကယ်ဗင် ရမ်ဆေးကိုတော့ ပရီစတန်အသင်းထံ တစ်ရာသီ အငှားချထားခဲ့ပါပြီ။
မြောက်အိုင်ယာလန် လက်ရွေးစင်ဟာ ၂၀၁၉ မှာ လီဗာပူး လူငယ်အသင်းထံ ပြောင်းလာပြီးတည်းက စီနီယာပွဲ ၅ ပွဲ ကစားထားပါတယ်။ သူဟာ မနှစ်ကရာသီ ဘော်တန်အသင်းထံ အငှားထွက်ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲထိ ကစားခွင့်ရခဲ့သလို EFL Trophy ကို အနိုင်ရခဲ့ပါတယ်။
နည်းပြကလော့ပ်က ဘရတ်ဒလေကို သဘောကျတယ်လို့ သိရပြီး အာရှခရီးစဉ်ထိ ခေါ်ယူလာဖို့ ပြင်ဆင်နေပါတယ်။ သူဟာ အငှားချခြင်း ခံရမှာ မဟုတ်ဘဲ လာမယ့်ရာသီအတွက် စီနီယာ လူစာရင်းထဲ ထည့်သွင်းခံရမယ့် ပထမဆုံး ကြယ်ပွင့် ဖြစ်လာဖို့ ရှိနေပါတယ်။
လီဗာပူးအသင်းဟာ ညာတောင်ပံသမား ဗန်ဒုတ်နဲ့ ကွင်းလယ်လူ ဘော်ဘီ ကလက်၊ ခံစစ်မှူး ကွမ်းဆက်တို့ကိုလည်း စီနီယာအသင်းအတွက် ခေါ်ယူဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။