လီဗာပူး အဝတ်လဲခန်းတင် မကဘဲ ပရိသတ်တွေအပေါ်ပါ မယုံနိုင်အောင် ဩဇာ လွှမ်းမိုးလာတဲ့ ထရန့်

ဒီနွေစျေးကွက်မှာ လီဗာပူးပရိသတ် များစွာက ကစားသမားသစ်တွေအတွက် စောင့်မျှော်နေရင်းမှာပဲ ကလပ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုသစ်အတွက် သတင်းထူးကို စောင့်ဆိုင်းနေကြရပြီ ဖြစ်ပါတယ်။

ဒီနွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နိုတို့ကို အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ရပြီးပါပြီ။ ထပ်မံပြီး ကလပ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့သွားသလို ဖာဘင်ညိုကလည်း ဆော်ဒီလိဂ်ထံ ရောက်ရှိသွားဖို့ စကားပြောနေပါတယ်။

လီဗာပူးအသိုင်းအဝိုင်းမှာ ကလပ်ရဲ့ အသင်းခေါင်းဆောင်သစ် ဘယ်သူဖြစ်မလဲ? လက်ထောက် အသင်းခေါင်းဆောင် ဘယ်သူဖြစ်လာမလဲ? ဆိုတဲ့ မေးခွန်းက အတော်လေး ရိုက်ခတ်လာတာ ဖြစ်ပါတယ်။

များစွာသော ပရိသတ်တွေက မနှစ်ကရာသီ ဟန်ဒါဆန်နဲ့ မီလ်နာတို့ မရှိချိန်မှာ အသင်းခေါင်းဆောင် တာဝန်ကို ရယူထားတဲ့ ဗန်ဒိုက်ကပဲ ခေါင်းဆောင်သစ် ဖြစ်လာမယ်လို့ ယုံကြည်ထားကြတယ်။ သူနဲ့ ယှဉ်ပြိုင်ဖို့ကတော့ ဘယ်သူမှ မထင်ထားတဲ့ ထရန့်ကို လီဗာပူးအသိုင်းအဝိုင်းက ထောက်ခံလာခဲ့ကြပါတယ်။

လီဗာပူးအသင်းမှာ ဗန်ဒိုက်အပြင် ရော်ဘတ်ဆန်၊ အယ်လီဆန်၊ ဆာလာနဲ့ ထရန့်တို့ ရှိနေသေးတာဖြစ်ပေမယ့် ဒီနောက်ပိုင်း စစ်တမ်းတွေအရဆိုရင် ပရိသတ်တွေ ကိုယ်တိုင်က ထရန့်ကို အနာဂတ် အသင်းခေါင်းဆောင်အဖြစ် မြင်လာကြပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကလည်း ထရန့်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူစေဖို့ ထောက်ခံမှုတွေ ပြသလာတယ်။

များစွာသော လီဗာပူးဖန်ဆိုဒ်တွေက ပရိသတ် စစ်တမ်းတွေကို လိုက်လံ ကောက်ယူခဲ့ကြချိန်မှာ ဗန်ဒိုက်ကို အသင်းခေါင်းဆောင်အဖြစ် နှစ်အနည်းငယ် တာဝန်ယူစေဖို့နဲ့ သူ့ရဲ့နောက်ကနေ အနာဂတ် အသင်းခေါင်းဆောင်အဖြစ် ထရန့်ကို လျာထားဖို့ သဘောတူညီလာခဲ့ကြပါတယ်။

ရော်ဘတ်ဆန်နဲ့ ဆာလာတို့ကလည်း ရေပန်းစား နာမည်တွေဖြစ်ပေမယ့် ဆာလာဟာ ဗန်ဒိုက်နဲ့ အသက်အရွယ် တူညီတာမို့ အခွင့်အရေး နည်းပါးနေပါပြီ။ ရော်ဘတ်ဆန် ကိုယ်တိုင်ကလည်း အခုချိန်ထိ အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားဆိုပေမယ့် ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ခေါ်ယူခဲ့ရင် ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမှာပါ။

ထရန့်ဟာ လီဗာပူးဒေသခံဖြစ်ခြင်း၊ အကယ်ဒမီထွက်ဖြစ်ခြင်း၊ ပုံမှန်ပွဲကစားခွင့်ရ ကစားသမားဖြစ်ခြင်း၊ ငယ်ဂုဏ် ရှိနေခြင်း၊ အင်္ဂလန်ကစားသမားဖြစ်ခြင်း စတဲ့ အချက်တွေကပဲ သူ့အပေါ် ပရိသတ်ထောက်ခံမှု မြှင့်တက်လာစေတဲ့ အချက်တွေဖြစ်တယ်လို့ မှတ်ချက်တွေအရ သိလာရတာ ဖြစ်ပါတယ်။