

လီဗာပူးအသင်းဟာ ဂျော်ဒန် ဟန်ဒါဆန်ကို ဆော်ဒီကလပ်ထံ ပြောင်းခွင့်ပေးကြောင်း ကြေညာခဲ့တာနဲ့အတူ ဒီနွေမှာ စီနီယာ ရှင်းထုတ်မှုတွေဟာ အတော်လေး ခရီးရောက်နေခဲ့ပါပြီ။
နွေစျေးကွက် မတိုင်ခင်မှာ ဖာမင်နို အလွတ်ဖြင့် ထွက်ခွာသွားသလို မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ အာသာတို့လည်း အသင်းကနေ ထွက်ခွာသွားပါပြီ။ မကြာခင်မှာတော့ ဖာဘင်ညို ထွက်ခွာမှာဖြစ်တာနဲ့အတူ မနှစ်ကရာသီ လီဗာပူးကွင်းလယ် စာရင်းမှာ သီယာဂို၊ ဟာဗေးနဲ့ ကာတစ်ဂျုံးတို့ပဲ ကျန်ရှိတော့မှာပါ။
ဖာဘင်ညိုရဲ့ ပေါင် သန်း ၄၀ တန် အပြောင်းအရွှေ့ ပြီးမြောက်ခဲ့ရင် ဒီနွေ လူစာရင်း ရှင်းထုတ်မှုဟာ အသင်းကို တစ်ပတ်လုပ်ခ ပေါင် ၉၁၅၀၀၀ ထိ သက်သာစေပြီး တစ်ရာသီကို ပေါင် ၄၇.၅၈ သန်း သက်သာစေမှာ ဖြစ်ပါတယ်။
- ဟန်ဒါဆန် – တစ်ပတ် ပေါင် ၂၀၀၀၀၀
- ဖာဘင်ညို – တစ်ပတ် ပေါင် ၁၈၀၀၀၀
- ဖာမင်နို – တစ်ပတ် ပေါင် ၁၈၀၀၀၀
- ကိတ်တာ – တစ်ပတ် ပေါင် ၁၂၀၀၀၀
- ချိန်ဘာလိန် – တစ်ပတ် ပေါင် ၁၂၀၀၀၀
- မီလ်နာ – တစ်ပတ် ပေါင် ၆၀၀၀၀
- အာသာ – တစ်ပတ် ပေါင် ၅၅၀၀၀
လီဗာပူးဟာ ဒီနွေမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအဖြစ် မက်ကယ်လစ္စတာကို တစ်ပတ် ပေါင် ၁၅၀၀၀၀၊ ဆိုဘိုစလိုင်ကို တစ်ပတ် ပေါင် ၁၂၀၀၀၀ ပေးချေရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ခတွေကို နှုတ်လိုက်ရင်တောင်မှပဲ ဒီနွေ ရှင်းထုတ်မှုကနေ တစ်နှစ်ကို ပေါင် ၃၃.၅၄ သန်း သက်သာစေပါမယ်။
ဒီလို လုပ်ခလျော့ချနိုင်ခြင်းဟာ ပရီးမီးယားလိဂ်မှာ လုပ်ခပေးချေမှုပိုင်း ဒုတိယအမြင့်ဆုံး အဖြစ် မန်စီးတီး၊ ချယ်ဆီးတို့ကို ကျော်တက်သွားတဲ့ လီဗာပူးအသင်းကို လူစာရင်း အသက်အရွယ် အရကော၊ ဟန်ချက်ညီမှုမှာပါ ပြန်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်စေဖို့ ရှိပါတယ်။
လက်ရှိ လူစာရင်းကနေ တစ်ပတ် ပေါင် ၆၅၀၀၀ ရနေတဲ့ နက်ဖီးလစ်နဲ့ ပေါင် ၂ သိန်း ရနေတဲ့ သီယာဂိုတို့လည်း အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပါသေးတယ်။ သီယာဂိုက လာမယ့်နွေမှာ စာချုပ်ကုန်မှာဖြစ်ပြီး သူတို့ နှစ်ဦး ထွက်ခွာသွားရင် တစ်နှစ်ကို ပေါင် ၁၄ သန်း လျော့ကျသွားဦးမှာ ဖြစ်ပါတယ်။