ဆောင်းပါး | အုပ်ချုပ်မှု အပြောင်းအလဲကနေ ပိုင်ရှင် အပြောင်းအလဲထံ စတင် ဦးတည်လာတဲ့ အန်ဖီးရပ်ဝန်း

လီဗာပူး အားကစားဒါရိုက်တာ ဂျူလီယန်ဝတ်နဲ့ သုတေသန ဒါရိုက်တာ အိုင်ယန်ဂရေဟမ်တို့ နှစ်ယောက်လုံးဟာ နောက်နှစ်မှာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

ဂျူလီယန်ဟာ နွေရာသီကမှ အားကစားဒါရိုက်တာ ရာထူးကို ဆက်ခံခဲ့တာဖြစ်ပေမယ့် ရာသီကုန်ရင် ထွက်ခွာတော့မယ့် ဆုံးဖြတ်ချက်ဟာ လီဗာပူးအတွက် အံ့ဩစရာရော၊ စိတ်ပျက်စရာပါ ဖြစ်ပေမယ့် သူကိုယ်တိုင်ကပဲ အသင်းသစ်ကို ပြောင်းမှာ မဟုတ်ဘဲ ခဏအနားယူချင်လို့သာ ဖြစ်တယ်လို့ ကလပ် အကြီးအကဲတွေကို ရှင်းပြခဲ့ပါတယ်။

လီဗာပူးဟာ ဝတ်ကို အသင်းမှာ ဆက်နေအောင် ဆွဲဆောင်ဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် အသင်းကို ရောင်းချမယ့် အလားအလာနဲ့ အုပ်ချုပ်မှုဆိုင်ရာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဟာ သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အတော်လေး လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

FSG ဥက္ကဌ မိုက်ခ်ဂေါ်ဒန်က အသင်းရောင်းချရေးကို အာရုံစိုက်ဖို့ သူ့ရဲ့ လီဗာပူးအသင်း နေ့စဉ်အလုပ်တာဝန်တွေကနေ အနားယူခဲ့တာကလည်း ဂျူလီယန်ရဲ့ ဆုံးဖြတ်ချက်မှာ သက်ဆိုင်ခဲ့ပါတယ်။ လီဗာပူးမှာ ဂေါ်ဒန်၊ ကလော့ပ်နဲ့ အားကစားဒါရိုက်တာ (အက်ဒွပ်နဲ့ ဝတ်) တို့ဟာ သုံးဦးစပ် ဦးဆောင်မှုလိုမျိုး ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင် Fenway Sports Group ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် အသင်းမှာ ရင်းနှီးမြုပ်နှံမှုအသစ်တွေကို လက်ခံဖို့ ဒါမှမဟုတ် အပြီးသတ် ရောင်းချလိုက်ဖို့ အလားအလာတွေကို ကြိုဆိုကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂေါ်ဒန်က ဒီကိစ္စကို ဦးဆောင် လုပ်ကိုင်ပေးနေတယ်လို့ သိထားရတယ်။

ကစားသမားတွေ ရောင်းချမှုကနေပဲ အဓိက ဝင်ငွေရယူခဲ့တဲ့ FSG ရဲ့ စံနှုန်းဟာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေရခဲ့ပြီးနောက် မကြာခင်မှာ ပိုင်ရှင် အပြောင်းအလဲနဲ့အတူ အဆုံးသတ်ရဖို့ နီးလာပြီဆိုတဲ့ ပြောဆိုမှုတွေ အသင်းတွင်းမှာ ရှိနေပါတယ်။

လီဗာပူးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်နေတာ သိသာပါတယ်။ အတ်ဝပ် ထွက်သွားတဲ့နောက် သူ့နေရာအတွက် ဂျူလီယန်ဝတ်က ရွေးချယ်ခံခဲ့ရသူဖြစ်ပေမယ့် သူထွက်သွားရင် ကြီးမားတဲ့ ဟာကွက်တစ်ခု ဖြစ်စေမှာဖြစ်ပြီး ကလပ်ရဲ့ ဦးတည်ချက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာတော့မှာပါ။

FSG ဟာ ကလပ်ကို ဂုဏ်သိက္ခာနဲ့ တန်ဖိုးပိုင်း ကြီးမားမှုအတွက် ပြောင်းလဲပေးခဲ့တာ ဖြစ်ပေမယ့် သူတို့ရဲ့ ‘ကိုယ်ပိုင် ရပ်တည်ချက်’ စံကို ဘယ်လောက်ကြာကြာ ဆက်လက်ထိန်းသိမ်းနိုင်မှာလဲ? ဂျူလီယန် ဝတ်၊ ဖယ်လိုး၊ ဟန်တာနဲ့ ကလော့ပ်တို့က ရေကို ဝိုင်ဖြစ်အောင် ဘယ်လောက်ကြာကြာ ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ရမလဲ?

ဘာပဲဖြစ်ဖြစ် အန်ဖီးမှာ ဝတ်ရဲ့ ခြေရာလက်ရာတွေ ကျန်နေမှာ အသေချာပါ။ သူဟာ ကလပ်ရဲ့ အငှားပေါ်လစီကို ကြီကြီးမားမား ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ‘အယ်လီဆန်၊ ဖာဘင်ညို၊ သီယေဂို၊ ကိုနတေး၊ ဒီယက်ဇ်၊ ဒါဝင်’ စတဲ့ အရေးပါတဲ့ အပြောင်းအရွှေ့တွေ အပြင် ဆာလာ၊ ထရန့်၊ ဗန်ဒိုက်၊ ဂျိုတာ၊ အယ်လီးယော့တို့ကို စာချုပ်သစ်ချုပ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။

အခုကနေ သူထွက်ခွာသွားမယ့် အချိန်အထိ အရင်လို အလုပ်တွေ လုပ်နေဦးမှာပဲဖြစ်ကာ အန်ဖီးမှာ အချိန်တွေက ပြောင်းလဲလာပြီ၊ ပိုကောင်းသွားမလား ပိုဆိုးသွားမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။