စင်္ကာပူ ခြေစမ်းပွဲအတွက် အာရှရောက်လာတဲ့ လီဗာပူး၊ လာဗီယာကို ချယ်ဆီးဘက်ကလည်း ချိတ်ဆက်ဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ဟာ ကြံ့ခိုင်မှု ပြည့်ဝလာအောင် ကြိုးစားရေးအတွက် စင်္ကာပူ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်း မရှိပါဘူး။ ညာအစွန်လူ ဘရတ်ဒလေနဲ့ နက်ဖီးလစ်လည်း လိုက်ပါခဲ့ခြင်း မရှိပါဘူး။

ချယ်ဆီးကလည်း လာဗီယာကို ခေါ်ယူရေး ကြိုးစားလိုနေပေမယ့် ကစားသမားက လီဗာပူးကိုပဲ ရွေးချယ်လိုဟန် ရှိနေတယ်လို့ လန်ဒန် သတင်းထောက် အချို့က ဖော်ပြနေပါတယ်။

ဒီနွေမှာ ဖာဘင်ညို ထွက်သွားပြီး လာဗီယာ ဝင်ရောက်လာခဲ့ရင် လီဗာပူး ကွင်းလယ်ရဲ့ ပျှမ်းမျှ အသက်ဟာ ၂၂.၄ နှစ်ပဲ ရှိတော့မှာပါ။ မနှစ်ကရာသီ စီနီယာ ကွင်းလယ် လူတွေထဲက သီယာဂိုကလွဲလို့ ဝါရင့် ကစားသမား အားလုံးကို ရှင်းထုတ်ခြင်း ဖြစ်လာပါမယ်။

စီနီယာ ၇ ဦးထိကို ရှင်းထုတ်မှု ပြုလုပ်ခြင်းနဲ့အတူ လီဗာပူးအသင်းဟာ တစ်နှစ်ကို ပေါင် သန်း ၅၀ ဖိုး လုပ်ခပိုင်း သက်သာသွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ခြေစမ်းပွဲမှာ ချယ်ဆီး နည်းပြ ပိုချက်တီနိုဟာ ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို ပွဲကစားချိန် လုံးဝ မပေးဘဲ အရန်ခုံမှာပဲ ထိုင်ခိုင်းထားခဲ့ပါတယ်။

တိုရီနို ခံစစ်မှူး ပါရှောဟာ လီဗာပူးရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် လက်တလော အပြောင်းအရွှေ့ သတင်း အချို့ ကြားနေရတာဟာ လီဗာပူးဘက်က အမှန်တကယ် ကြိုးစားနေတာထက် အေးဂျင့်ဘက်က လှုပ်ရှားနေခြင်းလို့ ယူဆနေကြပါတယ်။

တိုင်းပြည်ဘဏ္ဍာ နောက်ခံထားတဲ့ ပိုင်ရှင်တွေ မရှိခြင်းနဲ့အတူ လီဗာပူးအသင်းဟာ ရေရှည်မှာတော့ စပွန်ဆာ စာချုပ်ကြီးတွေ အပြိုင်ချုပ်ဆိုဖို့ ရုန်းကန်ရနိုင်ပြီး ဒီရာသီနဲ့ လာမယ့်ရာသီတွေမှာ ချန်ပီယံလိဂ် ပြိုင်ပွဲထံ ပြန်ပါဝင်နိုင်ရေး ကြိုးစားရမယ်လို့ မာဆေးဆိုဒ် သတင်းမှာ ဖော်ပြလာပါတယ်။