လီဗာပူးအသင်းဟာ ဒီနှစ်တွေထဲမှာ ပြဿနာတွေ အများကြီးကို ရင်ဆိုင်ထားရပြီး အဲ့ထဲက ကိစ္စအချို့ကို ဒီနွေစျေးကွက်မှာ ဖြေရှင်းလာနိုင်ဖွယ် ရှိနေပါတယ်။
အင်္ဂလန် ကြီး ၆ ကြီး ကလပ်တွေထဲမှာ အသင်းပိုင်ရှင်ထံက ထောက်ပံ့မှု အနည်းဆုံး အသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ဒီနှစ်တွေမှာ ဆော်ဒီပိုင်ရှင်အဖွဲ့ လက်လွဲယူထားတဲ့ နယူးကာဆယ်လို အသင်းကိုပါ ရင်ဆိုင်လာရတာပါ။
ပရီးမီးယားလိဂ်ရဲ့ မျက်နှာစာဟာ ပြောင်းလဲမှုတွေ ရှိလာခြင်းနဲ့အတူ စီးတီးဘောလုံးအဖွဲ့ဟာ အင်္ဂလန်ရဲ့ ရှေ့ဆောင်နေရာကို ခိုင်ခိုင်မာမာ သိမ်းပိုက်သွားချိန် လီဗာပူးအသင်းကတော့ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ကိုတောင် ရုန်းကန်ရစ ပြုလုပ်နေပါတယ်။
ဒီနှစ်တွေထဲမှာ လီဗာပူးအသင်း ရုန်းကန်နေရခြင်းအတွက် အဓိကကျတဲ့ အကြောင်းရင်းတွေဟာ ပိုင်ရှင် အထောက်အပံ့ မရှိပါဘဲ ကိုယ်ပိုင် ဝင်ငွေဖြင့် ရပ်တည်နေရခြင်း၊ လုပ်ခလစာ ကြီးမြင့်ခြင်း၊ ကြယ်ပွင့်ရောင်းချမှု နည်းပါခြင်း၊ အောင်မြင်တဲ့ မျိုးဆက်ကို ပြန်တည်ဆောက်ဖို့ လိုအပ်လာခြင်းတို့လို ကိစ္စတွေ ပါဝင်နေပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး ပေးချေနေရတဲ့ ကလပ်စာရင်းမှာ ယူနိုက်တက်ရဲ့ ပေါင် ၃၈၄ သန်းနောက် ပေါင် ၃၆၈ သန်းဖြင့် ဒုတိယနေရာကို ရောက်ရှိနေပါတယ်။ တတိယနေရာမှာ မန်စီးတီးက ပေါင် ၃၅၄ သန်း၊ စတုတ္ထနေရာမှာ ချယ်ဆီးက ပေါင် ၃၃၃ သန်းတို့ ကျသင့်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ချက်မှာ လီဗာပူးအသင်းဟာ တစ်နှစ်စာ ဝင်ငွေ ပေါင် ၅၉၄ သန်းထဲက ၆၂% ကို လုပ်ခပိုင်းအတွက် အသုံးပြုနေရပါတယ်။ ကလပ်ရဲ့ လုပ်ခ၊ အထွေထွေ အသုံးစရိတ်နဲ့ ပိုင်ရှင်တွေကို ပြန်ပေးရတဲ့ ဆောက်လုပ်ရေးဆိုင်ရာ အကြွေးတွေကို နှုတ်အပြီးမှာ ပေါင် ၇ သန်းပဲ အမြတ်ကျန်ခဲ့ပါတယ်။
လီဗာပူးအသင်းမှာ အရည်အချင်းတွေ ထည့်ပေါင်းဖို့ လိုအပ်လာချိန်မှာလည်း ကလပ်ပြင်ပက ကစားသမားတွေ ခေါ်ယူခြင်း အပေါ်မှာပဲ အားကိုးနေရတာပါ။ အကယ်ဒမီကနေ အလားအလာရှိ ကစားသမား ထွက်ပေါ်လာခြင်း မရှိသလို ကုန်ခဲ့တဲ့ ကုန်ခဲ့တဲ့ နွေစျေးကွက် ၂ ခုအတွင်းမှာ အကယ်ဒမီ ကြယ်ပွင့် ရောင်းချမှုကနေ ပေါင် သန်း ၄၀ ပဲ ဝင်ငွေရှိခဲ့ပြီး ဒီနွေမှာတော့ ပေါင် ၁ သန်း ဝန်းကျင်ပဲရှိထားတာ ဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၂ နဲ့ ၂၀၂၃ နွေစျေးကွက်အတွင်းမှာ မန်စီးတီးအသင်းဟာ အကယ်ဒမီ ကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၁၂၀ ကျော် ဝင်ငွေရှိခဲ့ပါတယ်။ ချယ်ဆီးနဲ့ အာဆင်နယ်ဟာ ဥရောပမှာ အကယ်ဒမီ ကစားသမား ရောင်းချမှုကနေ အကျိုးအမြတ် အရှိဆုံး အသင်းများ စာရင်းအတွင်း ဒုတိယနဲ့ တတိယ နေရာက ရှိနေပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ စီနီယာတွေကို ထွက်ခွင့်ပေးမှုနဲ့အတူ ကွင်းလယ် ပြန်တည်ဆောက်မှု စတင်နေပြီး ကွင်းလယ် ပျှမ်းမျှ သက်တမ်းကို ၂၂.၄ နှစ်ထိ လျော့ချနိုင်ခဲ့ပါတယ်။ အသင်းဟာ အပြောင်းအလဲ ကာလတစ်ခုကို ရင်ဆိုင်ရဦးမှာ ဆိုပေမယ့် တည်ငြိမ်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်တန်းကို ရေရှည်အတွက် မျှော်ကိုးလို့ ရလာတော့မှာပါ။
ကိတ်တာ၊ ချိန်ဘာလိန်တို့လို ပွဲနေ့ လူစာရင်းအတွက်တောင် ထည့်နိုင်ခြင်း မရှိတဲ့ စီနီယာတွေရဲ့ လုပ်ခ အပါအဝင် အသင်းရဲ့ တစ်ရာသီလုပ်ခကို ပေါင် သန်း ၅၀ ဝန်းကျင် လျော့ချနေပြီး သူတို့နေရာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်တို့ဖြင့် အစားထိုးကာ ကျစ်ကျစ်လစ်လစ် ပြန်ဖွဲ့စည်းနေပါတယ်။ ခံစစ်မှူးသစ်နဲ့ ဂိုးသမား နေရာတွေဟာ ကလပ်ရဲ့ အနာဂတ် ပစ်မှတ်တွေ ဖြစ်လာပါမယ်။
နွေစျေးကွက်ပြီးခဲ့ရင် နောက်ထပ် ခြေလှမ်းအဖြစ် ကလော့ပ်ဟာ အကယ်ဒမီ အသင်းသား အချို့ကို စီနီယာအသင်းမှာ နေရာပေးဖွယ် ရှိပါတယ်။ ဒါဟာ ဒီနှစ်တွေအတွင်း ပြိုင်ဘက်တွေနောက် ပြတ်ကျန်နေတဲ့ လူငယ်မျိုးဆက်ကို ပြန်လည် မွေးထုတ်ဖို့နဲ့ ထရန့်လို ကြယ်ပွင့်တွေ ထပ်မံ ပေါ်ထွက်လာဖို့ လမ်းစအဖြစ် ရည်ရွယ်လာတာလို့ ယူဆရတာ ဖြစ်ပါတယ်။