ဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကစားသမား (၄) ဦးကို အက်ဆာမှာ ချန်ရစ်ခဲ့တဲ့ လီဗာပူး

စင်္ကာပူကို ရောက်လာတဲ့ လီဗာပူးအသင်း လူစာရင်းမှာတော့ လူငယ် ကြယ်ပွင့်တွေဖြစ်တဲ့ ဘာ့ဆီတစ်၊ ဘရတ်ဒလေနဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဖာဘင်ညိုတို့ ပါဝင်ခဲ့ကြခြင်း မရှိပါဘူး။

လီဗာပူးအသင်းနဲ့ Al Ittihad တို့ဟာ ဖာဘင်ညို အပြောင်းအရွှေ့ သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။ လီဗာပူးဘက်က စာရွက်စာတမ်းတွေ စစ်ဆေးဖို့ လိုအပ်နေသေးတာကလွဲလို့ ဖာဘင်ညို ကိစ္စက အပြီးသတ်သလောက် ရှိနေကာ ဘရာဇီးသားဟာ ဆေးစစ်မှု ခံယူဖို့ပါ စီစဉ်နေပါပြီ။

သီယာဂိုကတော့ ဒီနွေမှာ အသင်းပြောင်းမှာ မဟုတ်ဘဲ လီဗာပူးအသင်းမှာ ကျန်ရစ်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ စပိန်သားကို တူရကီနဲ့ ဆော်ဒီလိဂ်တွေဘက်က ကမ်းလှမ်းပေမယ့်လို့ ၂၀၂၄ နွေမှာ စာချုပ်ကုန်မှပဲ လီဗာပူးအသင်းကနေ အလွတ်ဖြင့် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဂျာမနီ ခရီးစဉ်ကို လိုက်ပါခဲ့သေးတဲ့ ဘာ့ဆီတစ်ဟာ မနှစ်ကရာသီကုန်မှာ ဒဏ်ရာရခဲ့ကာ ရာသီမစခင် အပြည့်အဝ ကြံ့ခို်င်နေဖို့အတွက် စင်္ကာပူကို လိုက်ပါခြင်း မရှိဘဲ အက်ဆာမှာပဲ တစ်ဦးခြင်း လေ့ကျင့်ရေးတွေကို တစ်နိုင်ငံတည်းသား သီယာဂိုနဲ့အတူ ပြုလုပ်နေမှာ ဖြစ်ပါတယ်။

မကြာခင်မှာ ၃ နှစ် သက်တမ်းတိုးမယ့် ဘရတ်ဒလေကိုတော့ လာမယ့်ရာသီ စီနီယာအသင်း လူစာရင်းထဲ ထည့်သွင်းဖို့ အသင်းဘက်က လျာထားပေမယ့် စင်္ကာပူ လူစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။ ဂျာမနီခရီးစဉ်ကို လိုက်ပါခဲ့သေးတဲ့ သူ့ကို ချန်လှပ်ခဲ့တာကတော့ အသေးစား ဒဏ်ရာကြောင့်ပဲ ဖြစ်ပါတယ်။

မနှစ်ကရာသီ ဘော်တန်အသင်းမှာ ပွဲပေါင်း ၅၃ ပွဲ ကစားခဲ့တဲ့ ဘရတ်ဒလေဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ထရန့်ရဲ့ အဓိက အရန်အဖြစ် ပွဲထွက်ခွင့်ရဖို့ ရှိနေပါတယ်။