NEWS: လာဗီယာ အပြင်ကို နောက်ထပ် ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူသွားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီလအတွင်းမှာပဲ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့လို စီနီယာ ကွင်းလယ်လူ နှစ်ဦးကို ပေါင် ၅၂ သန်းဖြင့် လက်လွတ်ရမှာဖြစ်ကာ ကွင်းလယ် လူသစ်တွေ ပြန်လည် အားဖြည့်မှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်မှ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ လာဗီယာကို ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းထားခဲ့ပြီး မကြာခင်မှာ အပြောင်းအရွှေ့ သဘောတူညီမှု ရမယ်လို့ ခန့်မှန်းခံထားရပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းရဲ့ ကွင်းလယ် ရှာဖွေမှုဟာ ရပ်တန့်နေခြင်း မရှိပါဘူး။

စကိုင်းစပေါ့ သတင်းထောက် Sam Tighe ရဲ့ အဆိုအရ လာဗီယာကို ရခဲ့တယ်ဆိုရင်တောင်မှပဲ လက်ရှိ လူစာရင်းဟာ အတွေ့အကြုံပိုင်း လိုအပ်ချက် ရှိနေတာကြောင့် နည်းပြကလော့ပ်က အသင်းကွင်းလယ်အတွက် သမ္ဘာရှိ ကစားသမား တစ်ဦးကို ပေါင်းထည့်လိုနေတယ်လို့ ဆိုပါတယ်။

လာဗီယာကို ခေါ်ယူခဲ့ပြီးရင် လီဗာပူး ကွင်းလယ်ဟာ ပျှမ်းမျှ အသက် ၂၂.၄ နှစ်ထိ ကျဆင်းသွားမှာဖြစ်ကာ သီယာဂို တစ်ဦးတည်း ၃၀ ကျော် ကစားသမား ဖြစ်ပြီး ဒုတိယ အသက်အကြီးဆုံး ကစားသမားက မက်ကယ်လစ္စတာ ဖြစ်လာမှာပါ။

ဆိုဘိုစလိုင်၊ လာဗီယာ၊ ဂျုံး၊ ဟာဗေး၊ ဘာ့ဆီတစ်တို့ အားလုံးဟာ ၂၂ နှစ် အောက် ကစားသမားတွေဖြစ်တာမို့ ဖိအားကြီးတွေ ကိုင်တွယ်ဖို့ရာ အတွေ့အကြုံရှိ ကစားသမား တစ်ဦးကို နည်းပြအဖွဲ့က ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

လက်တလောထိတော့ ကွင်းလယ်လူ ထပ်ရှာနေတယ်လို့ပဲ ကြားထားရပြီး သိသာထင်ရှားတဲ့ ချိတ်ဆက်မှုမျိုးတော့ မရှိပါဘူး။ အသင်း စိတ်ဝင်စားထားတဲ့ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ဟာအတွက်တော့ ပြောင်းရွှေ့ကြေး သန်း ၈၀ ထိ တောင်းဆိုခံရမှာ ဖြစ်ပါတယ်။