

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်ထက် ဒုတိယအကြိမ် ကွင်းလယ် အကြီးစား ပြန်တည်ဆောက်မှုကို စတင်လာနေခဲ့ပြီ ဖြစ်ပါတယ်။
ဘရန်ဒန် ရော်ဂျာရဲ့ လူစာရင်းကို လွဲယူပြီးတဲ့နောက် နည်းပြကလော့ပ်ဟာ ကွင်းလယ် အကြီးစား ပြုပြင်မှုအား ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီးနောက် ဖာဘင်ညိုကို ချက်ခြင်း လက်မှတ်ထိုးခဲ့ပြီး ကြိုတင် သဘောတူညီထားတဲ့ ကိတ်တာအပြင် တိုက်စစ်ပိုင်း ပိုကစားနိုင်တဲ့ ရှာကွီရီလည်း ရောက်လာခဲ့ပါတယ်။
ဒီနွေမှာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်းတို့ကို ပေါင် ၉၅ သန်း အကုန်အကျခံ ခေါ်ယူထားပြီး ဆောက်သမ်တန်မှ လာဗီယာကိုပါ လက်မှတ်ထိုးနိုင်ဖို့ နီးစပ်နေခြင်းဟာ ၂၀၁၈ က ကွင်းလယ် ပြန်တည်ဆောက်တဲ့ အခြေအနေနဲ့ ဆင်တူနေတာဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဖာဘင်ညို၊ ကိတ်တာ၊ ရှာကွီရီတို့ ရောက်လာစဉ်မှာ လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ မီလ်နာ၊ ဝှိုက်နယ်ဒမ်၊ လယ်လာနာနဲ့ ချိန်ဘာလိန်တို့ ရှိနေခဲ့ပြီးဖြစ်ကာ အတွေ့အကြုံရှိ လူစာရင်းထဲ လူငယ်သွေးသစ်တွေကို ဖြည့်တင်းနိုင်မှု ဖြစ်ခဲ့တာပါ။
ဒီနွေမှာတော့ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ ထွက်သွားပြီဖြစ်သလို ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကလည်း ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ကွင်းလယ် ပြန်တည်ဆောက်မှုကို ပရိသတ်တိုင်း မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိ လူစာရင်းမှာတော့ မကြာခဏ ဒဏ်ရာရတတ်တဲ့ သီယာဂိုကလွဲလို့ လူသစ်နဲ့ လူငယ်တွေချည်း ပြည့်နေခဲ့တာပါ။
၂၀၂၄ နွေမှာ သက်တမ်းကုန်မယ့် သီယာဂိုကလွဲလို့ ကျန်ရှိတဲ့ ကွင်းလယ်လူတွေက ကာတစ်ဂျုံး (၂၂ နှစ်)၊ ဟာဗေး (၂၀ နှစ်)၊ ဘာ့ဆီတစ် (၁၈) နှစ်တို့ဖြစ်ပါတယ်။ သူတို့ ၄ ဦးထဲမှာဆိုရင် သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ဟာ အခုချိန်ထိ အသင်းလိုက် လေ့ကျင့်ရေး မပါနိုင်ဘဲ စင်္ကာပူ ခရီးစဉ်ကိုလည်း လိုက်လာနိုင်ခဲ့ခြင်း မရှိပါဘူး။
မက်ကယ်လစ္စတာ (၂၄ နှစ်) ကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိသူဖြစ်လို့ ကွင်းလယ်ရဲ့ အဓိက ထောက်တိုင်ဖြစ်လာနိုင်တယ်။ ဆိုဘိုစလိုင်က အများကြီး တိုးတက်ဦးမယ့် လူငယ် ကြယ်ပွင့်ဖြစ်ကာ ကွင်းလယ်လူ လူသစ်ဖြစ်လာဦးမယ့် လာဗီယာကလည်း (၁၉ နှစ်) ပဲ ရှိသေးတာ ဖြစ်ပါတယ်။
လီဗာပူးနည်းပြအဖွဲ့က ကလပ်ရဲ့ စနစ်ကို ကျေညက်နေတဲ့ ထရန့်ကို ကွင်းလယ် နံပါတ် ၆ နေရာ အမြဲတမ်း ပေးကစားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်နေပေမယ့် ညာခြမ်းနေရာ ကာဗာပေးရမယ့် ဘရတ်ဒလေ (၂၀ နှစ်) ကလည်း ပရီးမီးယားလိဂ် အတွေ့အကြုံ နည်းပါးသူဖြစ်လို့ လက်တလောမှာ ထရန့်ကို ညာခြမ်းနဲ့ ကွင်းလယ် တွဲကစားတဲ့ နေရာ ပြန်ပို့ရဦးမှာပါ။
ဒီအချက်တွေကြောင့်ပဲ ငယ်ရွယ်လွန်းတဲ့ ကွင်းလယ်တန်းကို ကွင်းတွင်း ကွင်းပြင်မှာ သီယာဂိုနည်းတူ ခေါင်းဆောင်ပေးနိုင်မယ့် အတွေ့အကြုံရှိ ကွင်းလယ် လူသစ် တစ်ဦးကို ကလပ်က ခေါ်ယူဖို့ လိုအပ်တယ်လို့ မာဆေးဆိုဒ် သတင်းထောက် Ian Doyle က တိုက်တွန်းလာခဲ့ပါတယ်။
ဒီလို မတိုက်တွန်းခင်တည်းက အသင်းဘက်က လာဗီယာအပြင် နောက်ထပ် ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းကလည်း ဒီရက်ပိုင်း ပျံ့နှံလာပါတယ်။ အခုချိန်မှာတော့ ကလပ်ဟာ ဖာဘင်ညိုကို ရောင်းချဖို့နဲ့ လာဗီယာ ကိစ္စ အပြီးသတ်ဖို့ကို အာရုံစိုက်နေပါတယ်။
ဒီနွေမှာ အသင်းအားဖြည့်ရမှာက ကွင်းလယ်တင် မဟုတ်ဘဲ ဗဟိုခံစစ်မှူး နေရာမှာလည်း လိုအပ်ချက်ရှိနေတာဖြစ်ပါတယ်။ နည်းပြကလော့ပ်ဟာ ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် တစ်ဦးကို ရလိုနေကြောင်း စျေးကွက် အစောတည်းက သိထားရတာဖြစ်ပြီး အခုချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေကို မြင်ရခြင်း မရှိတာ ဖြစ်ပါတယ်။