ချယ်ဆီးနဲ့ ဘောလုံးရာသီ အဖွင့်ပွဲမှာ ကလော့ပ် ထုတ်သုံးမယ့် စိတ်ဝင်စားဖွယ် ပွဲထွက် လူစာရင်း

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကတော့ ဩဂုတ်လ ၁၃ ရက်နေ့ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခြင်းဖြင့် စတင်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲ မတိုင်ခင်မှာ ရာသီသစ်အတွက် ကလော့ပ် ထုတ်သုံးနိုင်မယ့် လူစာရင်းတစ်ခု ထွက်ပေါ်နေပါတယ်။ စင်္ကာပူမှာ ခြေစမ်းမယ့် လက်စတာ၊ ဘိုင်ယန်မြူးနစ် ပွဲစဉ်တွေ အပြီးမှ နည်းပြကလော့ပ်က လူစာရင်း တစ်ခုကို စဉ်းစားမှာဖြစ်ပေမယ့် လက်ရှိ ကြံ့ခိုင်မှု အခြေအနေတွေအပေါ် မူတည်ပြီး ထင်ကြေးပေးခံလာရတဲ့ လူစာရင်း ဖြစ်ပါတယ်။

Liverpool XI for Chelsea season opener

ခံစစ်မှာတော့ ဂိုးသမား အယ်လီဆန် ပွဲထွက်မှာဖြစ်ပြီး ကိုနတေးနဲ့ ဗန်ဒိုက်တို့ ဗဟိုခံစစ် နေရာတွေက ပါဝင်မှာပါ။ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန် ပါဝင်မှာဖြစ်ကာ ညာခြမ်းမှာတော့ ကြံ့ခိုင်မှု အနည်းငယ် ပြဿနာရှိနေတဲ့ ဘရတ်ဒလေအစား ဂိုးမက်စ် ပွဲထွက်ခွင့်ရမှာဖြစ်ပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ဆယ်ကျော်သက်လေးကို အချိန်တစ်ခု ပေးရမှာဖြစ်ကာ ရာသီ အဖွင့်ပွဲတွေအတွင်း ထရန့်ဟာ နံပါတ် ၆ နေရာ အဓိက တာဝန်ယူမယ့်သူ အဖြစ် သတင်းထွက်နေတယ်။ ရာသီသစ်ကစလို့ လက်ရွေးစင်အသင်းမှာကော လီဗာပူးအသင်းမှာပါ ထရန့်ဟာ နံပါတ် ၆ နေရာ ပင်တိုင် ကစားသူအဖြစ် ပြောင်းလဲ နေရာယူဖွယ် ရှိပါတယ်။

ထရန့်ရဲ့ ရှေ့က ကွင်းလယ် နံပါတ် ၈ နှစ်ဦးနေရာမှာတော့ ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့ ပါဝင်လာမှာပါ။ အသင်းဖော်တွေကြား လိုက်လျောညီထွေဖြစ်ဖို့ ဂက်ပို ကွင်းလယ်လူ နေရာကနေ ပွဲထွက်နိုင်တယ်လို့လည်း ယူဆခံနေရပြီး ရာသီကြိုမှာ ကလော့ပ်က ဂက်ပိုကို ကွင်းလယ်မှာပါ စမ်းသုံးနေပါတယ်။

တိုက်စစ်ကတော့ ကလော့ပ် စိတ်ကြိုက်အတွဲဟာ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်လို့ သိရပြီး ကွင်းလယ်မှာ ဆိုဘိုစလိုင်ကို သုံးမယ်ဆိုရင် အထောင်နေရာမှာ ဒါဝင်ထက် ဂက်ပိုကို ဦးစားပေးတာလည်း ဖြစ်လာနိုင်ပါတယ်။

လက်တလောမှာ ကွင်းလယ် နံပါတ် ၆ နေရာအတွက် လာဗီယာကို ချိတ်ဆက်နေကာ သူ့ကို ခေါ်ယူနိုင်ရင်တောင် ရာသီအဖွင့်ပွဲမှာ ချက်ခြင်းတော့ နေရာပေးဖွယ် မရှိတာ ဖြစ်ပါတယ်။