အသင်းပရိသတ်တွေကို ဆိုးရွားတဲ့ အချက်အလက် တစ်ခုအကြောင်း ပြောပြလိုတာဟာ ဒီရာသီ လီဗာပူးအသင်းဟာ ၁၀ နှစ်အတွင်း အဆိုးရွားဆုံး တာထွက်မှုကို ရင်ဆိုင်နေရတယ် ဆိုတာပဲ ဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ဘရန်ဒန်ရော်ဂျာ လက်ထက်တုန်းက လိဂ်အစောပိုင်း ၈ ပွဲမှာ ရမှတ် ၁၀ မှတ်ပဲရခဲ့တဲ့ လီဗာပူးဟာ ရာသီကုန်မှာ အဆင့် ၇ နေရာပဲ ရခဲ့တာဖြစ်ပါတယ်။ အခု ဒီရာသီ လီဗာပူးအသင်းဟာလည်း အဲ့နောက်ပိုင်း အဆိုးဆုံး တာထွက်ကို ရင်ဆိုင်နေရပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ယုံကြည်သူတွေအဖြစ် ပြောင်းလဲကြဆိုပြီး အန်ဖီးကို ကလော့ပ် ဝင်ရောက်လာခဲ့တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပရီးမီးယားလိဂ် အစပိုင်း ၈ ပွဲအတွင်း ၁၂ မှတ်ပဲ ရခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဘရန်ဒန် ရော်ဂျာနေရာ ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
လက်တလောမှာ အသင်းဟာ နည်းပြကလော့ပ်ကို ရာထူးကနေ ထုတ်ပယ်ဦးမှာ မဟုတ်ပါဘူး။ သူအောင်မြင်ခဲ့တဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလားတွေနဲ့အတူ ကြီးမားတဲ့ အမှတ်တရတွေကြောင့် ကလော့ပ်ဟာ အပြောင်းအလဲတွေကို ပြန်လည် ဖန်တီးဖို့အတွက် အချိန်တစ်ခု ရသွားဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ လွန်ခဲ့တဲ့ ၅ လတုန်းက ဖလားအားလုံးကို စိန်ခေါ်နိုင်တဲ့အသင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံး လီဗာပူးအသင်းကနေ အခုလို ဆယ်နှစ်အတွင်း အဆိုးရွားဆုံး တာထွက်မှုအဆင့်ထိ ပြောင်းလဲခဲ့မှုရဲ့ ရိုက်ခတ်မှုတွေတော့ ရှိလာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအဝတ်လဲခန်းရဲ့ အဆိုးဆုံးသော ရန်သူတော်က သူတို့ကိုယ်တိုင် ပြန်ဖြစ်လာနေခဲ့တယ်။ ပြီးခဲ့တဲ့ အောင်မြင်မှုတွေမှာ အသင်းနဲ့ အသင်းသားတွေ ပိတ်မိနေပြီး အခုချိန်မှာ ဆုဖလားအကြောင်း ပြောဆိုမှုတွေဟာ လက်တွေ့မကျတဲ့ ကိစ္စဖြစ်လာနေပါပြီ။
ဒီအခြေအနေကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကလော့ပ်နဲ့ အသင်းသားတွေ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ၂၀၂၀ မှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ ဆက်တိုက် ဒဏ်ရာရခြင်း သီယေဂို ဒဏ်ရာရခြင်းတွေနဲ့ လီဗာပူးအသင်းဟာ ရာသီကုန်ရင် ထိပ်ဆုံး ၄ သင်း ဝင်မှာ မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်က အသင်းကို ပြန်လည် စုစည်းနိုင်ခြင်းနဲ့အတူ ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းတွင်း ဒဏ်ရာ ပြဿနာတွေ ရှိနေပေမယ့် အဓိက ပြဿနာကတော့ စီနီယာကစားသမားတွေ စွမ်းဆောင်ရည် ကျဆင်းမှု၊ ယုံကြည်ချက် ကျဆင်းမှုတွေ ဖြစ်ပါတယ်။ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့လို ကလပ်ရဲ့ အဓိက ကစားသမားတွေဟာ သူတို့ ပုံမှန် စွမ်းဆောင်နေကျအတိုင်း မလုပ်ပြထားနိုင်ပါဘူး။
လက်ရှိ လီဗာပူးအသင်းမှာ အကောင်းမြင်စရာ ကစားသမားဆိုလို ဖာမင်နို တစ်ဦးတည်းရှိပြီး သူတစ်ယောက်ပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားတာပါ။ အဲ့တာကလွဲလို့ အားနည်းချက်ပေါင်းများစွာနဲ့ ထောက်ပြစရာ ဟာကွက်တွေချည်း ထွက်ပေါ်နေခဲ့တယ်။
အာဆင်နယ်ပွဲအပြီးမှာဆိုရင် နည်းပြကလော့ပ် ကိုယ်တိုင်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အခြေအနေ မရှိပါဘူးလို့ ဝန်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၄ မှတ်ကွာနေတာကို မေ့ထားပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်ပဲ ကွာဟနေတဲ့ အခြေအနေမှန်ကို လက်ခံဖို့ လိုပါတယ်။
အသင်းရဲ့ ဒီရာသီ ရည်မှန်းချက်ဟာ ဆုဖလား စိန်ခေါ်နိုင်ရေး ဆိုတာထက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ရေး ဖြစ်လာသင့်ပါတယ်။ ကာလရှည် တည်ဆောက်လာတဲ့ အသင်းတစ်သင်းဟာ ခပ်လွယ်လွယ် ပြိုမကျသွားနိုင်ဘူးလို့ ယူဆခဲ့ပေမယ့် ဒီရာသီ လီဗာပူးရဲ့ အခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့်တောင် လွဲချော်သွားနိုင်တယ်။
ပြီးခဲ့တဲ့ နှစ်တွေက အောင်မြင်ထားတဲ့ အောင်မြင်မှုတွေအောက်မှာ ပိတ်မိမနေဘဲ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ နိုင်ပွဲတွေ ပြန်ရှာနိုင်ဖို့ လိုပါတယ်။ ခက်ခဲမယ့် ပွဲစဉ်တွေ စောင့်ကြိုနေပေမယ့် လာမယ့်ပွဲတွေမှာ အသင်းရဲ့ စိတ်ဓါတ်ပိုင်း၊ ခြေစွမ်းပိုင်းနဲ့ ရမှတ်ယူနိုင်စွမ်းတွေ တိုးတက်လာဖို့ မျှော်လင့်မိတာ ဖြစ်ပါတယ်။