လီဗာပူးရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်သစ် ကြေညာပေးဖို့ ငြင်းဆန်တဲ့ နည်းပြကလော့ပ်

လက်စတာပွဲကြို စင်္ကာပူမှာလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာတော့ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲ ဆိုတာက အရေးကြီးတဲ့ မေးခွန်းဖြစ်လာခဲ့ပါတယ်။

ဟန်ဒါဆန် ထွက်ခွာသွားသလို မီလ်နာကလည်း အလွတ်ဖြင့် ပြောင်းသွားတဲ့နောက် လီဗာပူးအသင်းဟာ ခေါင်းဆောင် ၂ ဦးနေရာ အစားထိုးရတော့မှာပါ။ အသင်းခေါင်းဆောင် နေရာအတွက် ကလော့ပ်က တိုက်ရိုက်ရွေးချယ်ပြီး အဝတ်လဲခန်းကို အသိပေးမှာ ဖြစ်ပါတယ်။

အသင်းရဲ့ လက်ထောက် ခေါင်းဆောင်နဲ့ ခေါင်းဆောင်အုပ်စုကိုတော့ အဝတ်လဲခန်းတွင်း မဲပေးမှုကနေ ရွေးချယ်ပါလိမ့်မယ်။ လက်စတာပွဲကြိုမှာ ကလပ်ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် နေရာကို ဘယ်သူ တာဝန်ယူရမလဲဆိုတာ ကြေညာပေးဖို့ ကလော့ပ်က ငြင်းဆန်ခဲ့ပါတယ်။

“ ဒီနေ့လေ့ကျင့်ရေးမှာ ထူးထူးခြားခြား မရှိခဲ့ရင် မနက်ဖြန်ပွဲကို ဗာဂျယ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ပွဲထွက်မှာဖြစ်ပါတယ်။ ကျနော် ဘာကို ဆုံးဖြတ်မလဲ ကိုယ့်ဘာသာ သိထားပါတယ်။ ဒါကို လူရှေ့ထုတ်မပြောခင် အသင်းသားတွေနဲ့ စကားပြောဖို့ပဲ ကျန်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်လောက်ကဆိုရင် အသင်းခေါင်းဆောင်သစ် ရွေးချယ်ရတာမျိုး ဖြစ်လာမယ် မထင်မိခဲ့ဘူး။ အဲ့အတွက် ကျနော် စဉ်းစားဖို့လိုပါတယ်။ ကိစ္စတွေက ခပ်မြန်မြန်ပဲ ဖြစ်လာခဲ့ပြီလေ။ ” လို့ ကလော့ပ်က ဆိုခဲ့တယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ ဗန်ဒိုက်ကို ပထမပိုင်းတွေမှာ လက်ပတ်ပေးခဲ့ပြီး ဂိုးမက်စ်ကို ဒုတိယပိုင်းတွေမှာ လက်ပတ်ဝတ်ခွင့်ပေးခဲ့တာဟာ ရိုးရှင်းတဲ့ နည်းလမ်းဖြင့် ယာယီ ဖြေရှင်းထားတာလို့ နည်းပြကလော့ပ်က ဆိုပါတယ်။

” ရာသီကြိုပွဲတွေ ရှိနေတော့ ဘယ်သူ့ကို အသင်းခေါင်းဆောင် ပေးရင်ကောင်းမလဲ? ဒုတိယပိုင်း ဘယ်သူ့ကို အသင်းခေါင်းဆောင် လက်ပတ် ဝတ်ခွင့်ပေးမလဲ? ဆိုတဲ့ အကြောင်းကို ကျနော် မစဉ်းစားဖြစ်ခဲ့ဘူး။

ဒီတော့ ခပ်လွယ်လွယ်ပဲ ဆုံးဖြတ်လိုက်တယ်။ မနှစ်တုန်းက ဗာဂျယ်က နံပါတ် ၃ ခေါင်းဆောင်လေ၊ ဒီတော့ ပွဲထွက်မှာ သူ့ကို လက်ပတ်ဝင်ခွင့်ပေးလိုက်ဖို့ ဒုတိယပိုင်းမှာတော့ ကလပ်ရဲ့ သက်တော်ရှည် အသင်းသားဖြစ်တဲ့ ဂိုးမက်စ်ကို ဝတ်ခွင့်ပေးဖို့ပေါ့။ ဒါပါပဲ။

လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဘယ်သူဖြစ်လာမလဲ ဆုံးဖြတ်ဖို့က အရေးကြီးပါတယ် ” လို့ နည်းပြကြီးက ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်း အမြဲတမ်း အသင်းခေါင်းဆောင် နေရာအတွက် ဗန်ဒိုက်၊ ရိုဘို၊ ထရန့်၊ ဆာလာနဲ့ အယ်လီဆန်တို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။