လူတိုင်းက ကွင်းလယ် အပြောင်းအလဲ လိုချင်တယ်၊ တကယ်ပြောင်းလဲတော့ စိုးရိမ်ကြပြန်ရောလို့ ပြောလာတဲ့ ယာဂင်

ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွင့်တောင်းတဲ့ ကိစ္စဟာ သူ့ကို အံ့အားသင့်စေခဲ့ကြောင်းနဲ့ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်လိုတာကြောင့် ထွက်ခွင့်ပေးခဲ့တယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ ရမယ့် ဆော်ဒီကလပ် Al Ettifaq အသင်းထံ ၃ နှစ်စာချုပ်ဖြင့် ပြောင်းသွားခဲ့တာပါ။ ဒီအပြောင်းအရွှေ့မှာ လီဗာပူးက ပေါင် ၁၂ သန်း ပြောင်းရွှေ့ကြေးရခဲ့တာ ဖြစ်ပါတယ်။ သူ့သဘောကတော့ ဟန်ဒါဆန်ကို ဆက်ထိန်းဖို့ပါလို့ ကလော့ပ်က ဝန်ခံခဲ့တယ်။

‘ ဟန်ဒါဆန် ထွက်ခွင့်တောင်းချိန် ကျနော် အံ့ဩခဲ့လား? ဆိုရင် အံ့ဩတယ်လို့ ဖြေရပါလိမ့်မယ်။ ကျနော်တို့က ၈ နှစ်ကြာ လက်တွဲလာတာပါ။ ကျနော်တို့ သူ့ကို ဆက်ထိန်းချင်တာ သူသိပါတယ်။ ဒါပေမယ့် သူက ထွက်ချင်နေတော့ အပျက်အပျက် နှာခေါင်းသွေးထွက်မယ့် ကိစ္စတွေ မဖြစ်လိုတော့ပါဘူး။ ကျနော်တို့ တားမနေတော့ပါဘူး။

ဂျော်ဒန်က ကျနော်တို့ကို သတိရနေမှာပါ၊ ကျနော်တို့လည်း သူ့ကို သတိရမှာပါ။ ဒါပေမယ့် ကျနော်တို့ ဆက်သွားရမယ်၊ ဆက်သွားပါမယ်။ ဒါပါပဲ ’ လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

အခုဆိုရင် မနှစ်ကနွေမှာ တောင့်တင်းလွန်းလို့ အားဖြည့်စရာ မလိုပါကြောင်း နည်းပြကလော့ပ် ပြောခဲ့တဲ့ ကွင်းလယ်နေရာဟာ သီယာဂို တစ်ဦးပဲ စီနီယာ ကစားသမားအဖြစ် ကျန်ရစ်ခဲ့ပြီး ဟန်ဒါဆန်၊ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာဘင်ညို၊ အာသာတို့ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

လက်စတာပွဲကြို စင်္ကာပူမှာလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်ကပဲ ” ကွင်းလယ်ကို ပြန်အားဖြည့်ဖို့က သေချာပေါက် အရေးကြီးပါတယ်။ ကျနော်တို့ တစ်ခုခုလုပ်ရမယ် ဆိုတာ ရှင်းပါတယ်။

ဖြေရှင်းဖို့အတွက် ကျနော်တို့ ကြိုးစားနေတယ်။ ပထမတော့ လူတွေက အပြောင်းအလဲကို လိုချင်ကြတယ်။ အခုတော့ အပြောင်းအလဲတွေကြောင့်ပဲ လူတိုင်းက စိတ်ပူလာနေပြန်ပါတယ်။ ကျနော်တို့ကတော့ ဒီအခြေအနေကို အကောင်းမြင်ပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားပါတယ် ’ လို့ ဖြေဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန် နေရာကို ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာဖြင့် ပြန်အစားထိုးမှာ ဖြစ်ပါတယ်။ ပေါင် သန်း ၅၀ ဝန်းကျင် ပေးရမယ့် လာဗီယာကို ရခဲ့ပြီရင်း ကွင်းလယ် အားဖြည့်မှု ရပ်တန့်မလား ဆက်ရန်ရှိမလား အားလုံးက စိတ်ဝင်စား စောင့်ကြည့်နေကြပါပြီ။