ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် လစ်လပ်နေတဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ ထရန့်ကို သုံးမှာ မဟုတ်ကြောင်း ကလော့ပ်က သဲလွန်စ ပေးလာပါတယ်။
ဂျာမနီ ရာသီကြိုပွဲစဉ်အဖြစ် Karlsruher, Furth တို့ဖြင့် ယှဉ်ပြိုင်စဉ်မှာ သီယာဂို၊ ဘာ့ဆီတစ်၊ မော်တန်တို့ ဒဏ်ရာတွေကြောင့် မပါနိုင်ခဲ့တာမို့ ထရန့်ဟာ ကွင်းလယ် အတွင်းလူနေရာက ပွဲထွက်ခဲ့ပါတယ်။ ထရန့်ရဲ့ ညာခြမ်း နေရာကိုတော့ လူငယ်ကြယ်ပွင့် ဘရတ်ဒလေက တာဝန်ယူခဲ့တာပါ။
“ မနှစ်ကရာသီ ကစားခဲ့တာနဲ့ လုံးဝ မတူညီတဲ့ နေရာကနေ ထရန့် ကစားခဲ့တာပါ။ အင်္ဂလန်မှာလည်း သူက အတွင်းလူနေရာက ကစားခဲ့တာ မဟုတ်ပါဘူး။ ပိုပြီး စုဖွဲ့မှု ကျစ်လစ်ဖို့ လိုအပ်ပြီး ကွင်းလယ်မှာက နောက်ထပ် ကစားသမား မရှိပါဘူး။
ဒါကြောင့်ပဲ ရာသီကြိုမှာ သူ့ကို နံပါတ် ၆ နေရာ ပို့ကြည့်တာက အရေးပါသလို ကောင်းမွန်တဲ့ ကိစ္စလို့ ထင်ခဲ့တာပါ။ ဒီအခြေအနေမှာ သူက နံပါတ် ၆ နေရာမှာ ခဏလေး ကစားနေပေမယ့်လို့ ကျနော်တို့ကတော့ သူ့ကို ညာအစွန်ကိုပဲ ပြန်ပို့မှာပါ။
ရာသီကြိုမှာ ကျနော်တို့ လုပ်ချင်တာလေးတွေ အမြဲတမ်း စမ်းလုပ်ကြည့်ပါတယ်။ ရာသီသစ် စတင်ချိန်မှာ ဘယ်လို လူစာရင်း ထုတ်မလဲ ကြည့်ကြတာပေါ့ ” လို့ ကလော့ပ်က ပြောလာခဲ့ပါတယ်။
သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ဟာ အင်္ဂလန်ကို လီဗာပူးအသင်း ပြန်ရောက်ရင် အသင်းလိုက် လေ့ကျင့်ရေး ပြန်ဝင်မှာပါ။ အဲ့လိုဖြစ်ဖို့ကိုလည်း တမင်ကို ချန်ထားခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်ကနေ လာဗီယာကို ခေါ်ယူနိုင်ရင်တောင် ရာသီအဖွင့် ချယ်ဆီးပွဲမှာတော့ ပွဲထွက်လူစာရင်းကနေ ပါဝင်ဖွယ် မရှိသေးတာ ဖြစ်ပါတယ်။
ချယ်ဆီးပွဲ ကွင်းလယ်အတွက် နည်းပြကလော့ပ်က အရိပ်အမြွက် ပြောရာမှာတော့ ကွင်းလယ် စုဖွဲ့မှုဖြင့် နံပါတ် ၆ နေရာကို ကာကွယ်မယ်လို့ ဆိုခဲ့ပါတယ်။