ဂိုးမြူးနေတဲ့ ဒါဝင်၊ ကွင်းလယ် အတွင်းလူအဖြစ် ပွဲထွက်ရနိုင်တဲ့ ကာတစ်၊ စီနီယာ လူစာရင်းထဲ ထည့်ခံရနိုင်တဲ့ ကြယ်ပွင့်တွေနဲ့ လက်စတာနိုင်ပွဲမှ စကားပြောစရာများ

ဒါဝင်၊ ကလက်၊ ဂျိုတာ၊ ဗန်ဒုတ်တို့ ဂိုးသွင်းခဲ့တဲ့ လီဗာပူး ၄-၀ လက်စတာပွဲမှ ထူးခြားချက် အချို့ကို ဖော်ပြပါမယ်။ ဒီနေ့ပွဲမှာ ပွဲလက်မှတ် စျေးကြီးမှုကြောင့် တက်ရောက် ကြည့်ရှုတဲ့ ပရိသတ် နည်းပါးခဲ့ပြီး ကြားရက် ဗုဒ္ဓဟူးနေ့မှာတော့ ကွင်းပြည့်မယ် မျှော်လင့်ရပါတယ်။

ကွင်းလယ်အတွင်းလူက ကားတစ်လား?

ပွဲကြိုမှာ ပြောထားတဲ့အတိုင်းပဲ နည်းပြကလော့ပ်ဟာ ထရန့်ကို ညာခြမ်း ပြန်ပို့ခဲ့ပါတယ်။ ဒီပွဲမှာတော့ အသင်းနဲ့ ပြန်ပူးပေါင်းထားပြီဖြစ်တဲ့ ကာတစ်ဂျုံးကို နံပါတ် ၆ နေရာထားပြီး ရှေ့မှာ ကလက်နဲ့ မက်ကယ်လစ္စတာတို့ကို တွဲဘက်ပေးခဲ့ပါတယ်။ ထရန့်ကတော့ မနှစ်ကလိုပဲ ဘောလုံးပိုင်ဆိုင်ချိန် အတွင်းထဲ ဝင်ကစားခဲ့ပါတယ်။

နွေတုန်းက ယူရိုဖလား အောင်မြင်ခဲ့တဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ ကာတစ်ဟာ ကွင်းလယ် အတွင်းလူ နေရာက အဓိက ကစားခဲ့တာပါ။ သီယာဂို ပွဲထွက်နိုင်ခြင်း မရှိခဲ့ရင် ဒီနေရာအတွက် ကာတစ်ဂျုံးကို နေရာပေးမယ် ယူဆရပါတယ်။

ရာသီကြိုမှာ ဂိုးမြူးနေတဲ့ ဒါဝင်

မနှစ်တုန်းက အသင်းနဲ့ ပူးပေါင်းစမှာတင် အာရှမြေကို လိုက်လာခဲ့တဲ့ ဒါဝင်ဟာ အသင်းသစ်နဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီရာသီကြိုမှာတော့ ဒါဝင်ဟာ နံပါတ် ၉ နေရာကနေ ခြေစွမ်းကောင်းနေပြီး ရာသီကြို ၃ ပွဲမှာ ၄၅ မိနစ်တွေ ကစားကာ ကိုယ်တိုင် ၄ ဂိုးသွင်း ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်ပေးထားပါတယ်။

လီဗာပူး တိုက်စစ်ကို ဂျိုတာ၊ ဂက်ပိုတို့လည်း ဦးဆောင်ခွင့်ရှိပေမယ့် ဒါဝင်က ကလော့ပ် လိုချင်နေတဲ့ နံပါတ် ၉ သမား စစ်စစ်ဖြစ်ပါတယ်။ ဒေါ့မွန်မှာတုန်းက လီဝန်ဒေါစကီးနဲ့ အောင်မြင်တဲ့ တိုက်စစ်ပုံစံ ဖန်တီးနိုင်ခဲ့တဲ့ ကလောပ်ဟာ ဒါဝင်ရဲ့ နေရာမှန်ကို ရအောင် ပြန်ဖော်ထုတ်နေဟန် ရှိပါတယ်။

ဘယ်ခြမ်းက ပွဲထွက်တဲ့ ဂျိုတာကလည်း အသင်းအတွက်တော့ ဂျိုကာပဲဖြစ်ပြီး တိုက်စစ် နေရာစုံမှာ ပွဲထွက်ပေးနိုင်ပါတယ်။ သူသွင်းခဲ့တဲ့ ဂိုးဟာ ကစားကွက် တည်ဆောက်မှုကစလို့ နောက်ဆုံး အဆုံးသတ်ချိန်ထိ သူကိုယ်တိုင် ဖန်တီးသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ် ဖန်တီးမှုတွေအတွက် မာကာနဲ့ ဆာလာ

ဒီနွေမှာ ဘရိုက်တန်ကနေ မက်ကယ်လစ္စတာကို ခေါ်ယူခြင်းအတွက် လီဗာပူး ပရိသတ် တစ်ယောက်မှ မေးခွန်းမထုတ်ပါဘူး။ ကမ္ဘာ့ဖလား ချန်ပီယံဟာ သူ့အပေါ် ပရိသတ်တွေ ယုံကြည်သင့်ကြောင်းကိုလည်း လက်စတာပွဲမှာ စွမ်းဆောင်ရည်ဖြင့် သက်သေပြခဲ့ပါတယ်။

နေရာကျဉ်းကျဉ်းတွေကို ကိုင်တွယ်နိုင်စွမ်းရှိသလို တိုက်စစ်အတွက် ဘောလုံးပေးမှု အမြင်ရှိတဲ့ မာကာကြောင့်ပဲ လီဗာပူးအသင်းဟာ သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။ မာကာဟာ ကွင်းလယ် နံပါတ် ၈ နေရာရဲ့ ဘယ်ခြမ်းကော ညာခြမ်းမှာပါ ကစားနိုင်ခြင်းကလည်း အားသာချက်ဖြစ်ပါတယ်။

သွင်းဂိုးဆာလောင်သူအဖြစ် လူသိကြပေမယ့် ဆာလာရဲ့ ဖန်တီးနိုင်စွမ်းကလည်း အဆင့်တစ်ခုမှာ ရှိပါတယ်။ ဒါဝင်ကို တိုက်စစ် ဧရိယာမှာ နေရာပိုရဖို့ ဆာလာက ညာခြမ်းကနေ အတွင်းကို မဝင်လာဘဲ ဧရိယာအပြင်ဘက် တဝိုက်မှာ ပြေးလွှား လှုပ်ရှားပေးနေခဲ့ပါတယ်။

ဆိုဘို ပွဲကစားခွင့်

ဒုတိယပိုင်းမှာ ကွင်းလယ်က ပါဝင်လာတဲ့ ဆိုဘိုဟာ ပွဲချိန် ၂၅ မိနစ်စာလောက်ပဲ ကစားခဲ့ရပါတယ်။ သွင်းဂိုးတစ်ဂိုးကို ကွင်းလယ်ကနေ ကန်သွင်းယူနိုင်လု ဖြစ်ခဲ့တဲ့ ဆိုဘိုဟာ မကြာသေးခင်ကပဲ ခြေကျင်းဝတ် ဒဏ်ရာ ရထားခဲ့တာပါ။ ပေါင် သန်း ၆၀ တန် ကစားသမားကို စွန့်စားပြီး ပွဲချိန်များများပေးဖို့ ဆေးအဖွဲ့က ဆန္ဒ မရှိပါဘူး။

ကြယ်ပွင့် အချို့

ဒီနေ့ပွဲမှာ ဘော်ဘီကလက်၊ ဗန်ဒုတ်နဲ့ ကွမ်းဆက်တို့ရဲ့ ခြေစွမ်းတွေကို ပရိသတ်တွေ သတိထားမိကြပါတယ်။ ကလက်က ကိုယ်တိုင် ဂိုးရယူနိုင်ခဲ့ပြီး ဗန်ဒုတ်ကလည်း ဒုတိယပိုင်းမှာ ညာခြမ်းကနေ ထိုးဖောက်မှုတွေ ပြသကာ ဂိုးသွင်းခဲ့ပါတယ်။

ခံစစ်ရဲ့ ဘယ်ခြမ်း ခံစစ်မှူး နေရာက ပွဲထွက်တဲ့ ကွမ်းဆက်ဟာ အင်္ဂလန် သက်တမ်းအလိုက်မှာ ပုံမှန် ပွဲထွက်ခွင့်ရသူ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရ လာမယ့်ရာသီ စီနီယာအသင်းမှာ အရန်ခံစစ်သမား အဖြစ် မြင်ကြည့်လို့ ရပါတယ်။