ဗန်ဒုတ်တို့ကို အငှားချဖို့ တိုက်တွန်း၊ ကွင်းလယ် နေရာပြိုင်ဆိုင်ရမယ့် ဟာဗေးနဲ့ ဆိုဘို၊ ဖာဘင်ညို အပြောင်းအရွှေ့ ပြီးမြောက်ခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ဘောလုံးရာသီက ရေရှည် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရာသီအဖွင့် ကာလတွေမှာတော့ ကွင်းလယ် နံပါတ် ၆ နေရာကို ကာတစ်ဂျုံး တာဝန်ယူရမယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။

တိုက်စစ် ၃ ယောက်တန်းမှာ ပါလိုရင် ပိုပြီး ခြေစွမ်းပြကြလို့ ကလော့ပ်က သတိပေးလိုက်ပါတယ်။ အသင်းမှာ တိုက်စစ်သမား ၅ ဦးထိရှိပြီး လူတိုင်းက ပွဲထွက်ခွင့်မှာ ပါဝင်သင့်ကြောင်း အကြောင်းပြချက် ကိုယ်စီ ပိုင်ဆိုင်နေတာပါ။

ရာသီကြိုမှာ ပါဝင်သွားတဲ့ ဗန်ဒုတ်၊ ဘော်ဘီကလက်နဲ့ ကွမ်းဆက်တို့ ၃ ဦးမှာ စီနီယာအဆင့်ကို ချက်ခြင်း ကစားနိုင်အောင် ရင့်ကျက်သူအဖြစ် ကွမ်းဆက်ကို ထောက်ခံမှု မြင့်မားနေပါတယ်။ ကွမ်းဆက်ဟာ ၃ ယောက်တန်း ခံစစ်မှာ ရော်ဘတ်ဆန်နေရာ ဘယ်ခြမ်း ခံစစ်မှူးအဖြစ် ကစားသူဖြစ်ပါတယ်။

လက်စတာနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဗန်ဒုတ်နဲ့ ကလက်တို့ဟာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေကြသူတွေမို့ စီနီယာအသင်းမှာ ပွဲကစားခွင့် မပေးနိုင်ရင် သူတို့ ပိုတိုးတက်လာရေး အငှားချဖို့ တိုက်တွန်းချက်တွေ ရှိပါတယ်။

မက်ကော်နာဟာ ယူ-၂၁ မှာ ကွင်းလယ် တိုက်စစ်နေရာက ကစားသူဖြစ်ပြီး သူဟာ ကွင်းလယ် နံပါတ် ၆ နေရာမှာ ပိုအဆင်ပြေမယ်လို့ နည်းပြအဖွဲ့က ယုံကြည်လို့ နေရာပြောင်း ကစားခိုင်းထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ချယ်ဆီးကို ရင်ဆိုင်ရာမှာ ညာခြမ်း ကွင်းလယ်လူ နေရာအတွက် ဆိုဘိုစလိုင်နဲ့ ဟာဗေးတို့ ယှဉ်ပြိုင်ရမှာပါ။ လီဗာပူး နည်းပြအဖွဲ့က မက်ကယ်လစ္စတာကို ဘယ်ခြမ်း ကွင်းလယ်လူအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပါတယ်။

လက်စတာနဲ့ပွဲမှာ ဆိုဘိုကို ၂၅ မိနစ်ပဲ ကစားခွင့်ပေးခဲ့တာဟာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ သက်သာစဖြစ်လို့ စွန့်စားပြီး အသုံးမပြုလိုခြင်းကြောင့် ဖြစ်ပါတယ်။

ရိုမန်နိုကတော့ ဖာဘင်ညိုအတွက် လီဗာပူးနဲ့ Al Ittihad ကြား အပြောင်းအရွှေ့ ကိစ္စတွေ ပြီးစီးခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းက အမ်ဘာပေကို ခေါ်ယူသွားနိုင်ရင် ပီအက်စ်ဂျီဘက်က ပျော်ရွှင်မှာဖြစ်ပေမယ့် တိုက်စစ်သမားက ရီးရဲလ်ကို ပြောင်းဖို့ကိုပဲ ဆုံးဖြတ်ထားတာကို ပဲရစ်ကလပ်က သိနေပါတယ်လို့ ရိုမန်နိုက ပြောပါတယ်။