လီဗာပူးတိုက်စစ်မှာ ပွဲထွက်ခွင့်ဆိုတဲ့ လက်မှတ် ဘယ်လို ပုံစံနဲ့ ပေးမလဲ ကလော့ပ် ထုတ်ပြော

အသင်းရဲ့ တိုက်စစ်မှာ ပွဲကစားခွင့်ရဖို့ဆိုရင် ခံစစ်ပိုင်း တာဝန်တွေကို ရယူနိုင်ရပါမယ်လို့ နည်းပြကလော့ပ်က လက်စတာပွဲအပြီး ပြောဆိုလာပါတယ်။

အသင်းတိုက်စစ်မှာ ဆာလာ၊ ဒါဝင်၊ ဂျိုတာ၊ ဂက်ပိုနဲ့ ဒီယက်ဇ်တို့ ရှိနေသလို ဗန်ဒုတ်လို လူငယ် ကြယ်ပွင့်လည်း အခွင့်အရေးကို စောင့်ဆိုင်းနေတာပါ။ သူ့ရဲ့ အသင်းမှာ ဘယ်တိုက်စစ်အတွဲကို နေရာပေးမလဲ ကိစ္စအတွက် ကလော့ပ်မှာ ရှင်းလင်းတဲ့ ယူဆချက် ရှိပါတယ်။

“ တခါတလေတော့ ပွဲကစားချိန် ပိုလိုပါတယ်။ မနှစ်ကရာသီမှာ ဒါဝင်ကို လက်မှတ်ထိုးခဲ့တာ ကောင်းပေမယ့် ဒဏ်ရာနဲ့ အနီကဒ်တွေက သူ့ရဲ့ စတင်မှုကို အကူအညီ မဖြစ်ခဲ့ပါဘူး။

အသင်းလူစာရင်းထဲ ပါဝင်ဖို့ လက်မှတ်ကတော့ ခုခံဖို့ရာ ဖတ်နိုင်စွမ်းပါပဲ။ ခပ်ချာချာ ခုခံမှုပဲ လုပ်နိုင်တဲ့ အသင်းတစ်သင်း အောင်မြင်တယ်လို့ ဘယ်တုန်းကမှ မကြားဖူးပါဘူး။ ခုခံမှု မကောင်းရင် မအောင်မြင်နိုင်ပါဘူး ” လို့ နည်းပြကလော့ပ်က သတိပေးခဲ့တယ်။

ရာသီကြိုမှာ ဒါဝင်ဟာ ပွဲချိန် ၁၃၅ မိနစ် ကစားပြီး ကိုယ်တိုင် ၄ ဂိုး သွင်းယူခဲ့သလို ဂိုးထောက်ပံ့မှု ၁ ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။ သူဟာ ရာသီသစ်မှာ ဆာလာနည်းတူ ပုံမှန် ပွဲထွက်ခွင့်ရမယ်လို့ မှန်းဆခံနေရပါတယ်။

ကလော့ပ်ကပဲ “ ဒါဝင်အတွက်ကော အခြားသော တိုက်စစ်မှူးတွေအတွက်ပါ အတူတူပါပဲ။ သူတို့အားလုံးမှာ အရည်အချင်းရှိတာကို ကျနော် သိပါတယ်။ သူတို့တွေက တိုက်စစ်ပိုင်း အခြေအနေတွေမှာ လွှမ်းမိုးမှု ကြီးမားရမှာ ဖြစ်သလို ခုခံမှုတွေကိုလည်း အကောင်းဆုံး လုပ်နိုင်ရပါမယ်။

ဒါဝင်က မြန်နှုန်း၊ ပုံမှန်ဂိုးသွင်းနိုင်စွမ်း၊ သွင်းဂိုး အနံ့ခံနိုင်စွမ်းတွေမှာ ကောင်းမွန်ပါတယ်။ လေ့ကျင့်ရေးမှာလည်း သူက သိပ်ကောင်းတယ်၊ ကြံ့ခိုင်မှုကောင်းတာလည်း အကူအညီဖြစ်တယ်။ ခြေစမ်းပွဲတွေပြီးမှ ချယ်ဆီးပွဲမှာ ဘယ်လို လူစာရင်း ထုတ်ရမလဲ ကြည့်ကြတာပေါ့ ” လို့ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ ခြေစမ်းပွဲအဖြစ် ဒီကြားရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ပြီးရင် ဩဂုတ်လ ၇ ရက်နေ့မှာ နောက်ဆုံးပွဲကို ကစားရပါမယ်။ ဒါပြီးရင်တော့ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် စတင်ပြီ ဖြစ်ပါတယ်။