NEWS: လာဗီယာအတွက် လီဗာပူးအသင်း ရှေ့ဆက်တိုးပြီး ဒုတိယမြောက် ကမ်းလှမ်းမှု ပေးမည်

လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ဒီအပတ် အစမှာတင် အမြန်ဆုံး စတင်တော့မှာ ဖြစ်ပါတယ်။

ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် ကွင်းလယ်အတွက် အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဟာ လာဗီယာ ဖြစ်လာခဲ့ပါပြီ။ အရင်အပတ်ကပဲ ပထမအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် ၃၄ သန်းအပြင် ထပ်တိုးကြေး ပေါင် ၄ သန်းပေးမယ် ချိတ်ဆက်မှုကို ဆောက်သမ်တန်က ပယ်ချထားတာပါ။

အဆိုပါ ချိတ်ဆက်မှု နောက်ပိုင်း စကားပြောမှုတွေ ဆက်ရှိနေခဲ့သလို အသင်းဘက်က ဒုတိယမြောက် ကမ်းလှမ်းမှု ပေးဖို့ အမြန်ဆုံး စတင်သွားမှာပါ။ လီဗာပူးပေးမယ့် ပြောင်းရွှေ့ကြေးဟာ ဆောက်သမ်တန်တို့ လိုချင်တဲ့ ပေါင် သန်း ၅၀ နီးနီးလောက် ရောက်မယ်လို့ Paul Joyce က ဆိုပါတယ်။

ရိုမန်နို အပါအဝင် အင်္ဂလန်ပြင်ပက အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ လီဗာပူးအသင်း ဒုတိယအကြိမ် ကမ်းလှမ်းဦးမှာ ဖြစ်ကြောင်းနဲ့ ပေါင် ၄၅ သန်း တန်ကြေးရှိမယ့် စာချုပ်လို့ ဆိုထားကြပါတယ်။

အသက် ၁၉ နှစ်အရွယ် လာဗီယာဟာ Homegrown ကစားသမားအဖြစ် ဆယ်စုနှစ်ကြာ ကစားပေးနိုင်မယ့်သူ ဖြစ်ပေမယ့် သူ့အတွက် ပေါင် သန်း ၅၀ က များလွန်းတယ်လို့ လီဗာပူးဘက်က ယူဆထားပါတယ်။

ဆောက်သမ်တန်ဘက်ကတော့ ကိုင်ဆီဒိုကို မရခဲ့ရင် ခေါ်ယူဖို့ ချယ်ဆီးတို့ဟာ လာဗီယာကို လျာထားတယ်လို့ ယုံကြည်ထားတယ်။ ၎င်းတို့ကတော့ ချယ်ဆီးတို့ ကြားဝင်လာဖို့ မျှော်လင့်နေပေမယ့် လန်ဒန်ကလပ်ဟာ အခြားသော ပစ်မှတ်တွေကိုပဲ ခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။