

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေမှ အလားအလာရှိ ဆယ်ကျော်သက် ကစားသမားတွေကို လိုက်လံ ချိတ်ဆက်နေခဲ့ပြီး ကွင်းလယ်လူသစ် နောက်ထပ် တစ်ဦးနဲ့ ခံစစ်မှူးသစ်တို့ကို ရဖွယ် ရှိနေပါတယ်။
လီဗာပူးဘက်က ဘာ့ဆီတစ်လို ကြယ်ပွင့်မျိုး ထပ်မံ ရရှိရေးအတွက် အခြားသော အကယ်ဒမီကျောင်းတွေမှ အလားအလာရှိသူတွေကို လိုက်လံ ရှာဖွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။ ဒီနွေမှာပဲ ဝုဗ်အသင်းမှ အသက် ၁၄ နှစ်အရွယ် ခံစစ်မှူး ဟာဗေး အိုဝင်ကို ပေါင် ၈ သိန်းဖြင့် ခေါ်ယူထားပါတယ်။
လက်ရှိမှာ လက်စတာအသင်းမှ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ထရေး နိုင်ယာနီကို ချိတ်ဆက်နေပြီး ကလပ် ၂ သင်းကြား စကားပြောမှု နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ။ အသင်းဟာ ဝက်စ်ဟမ်းမှ အသက် ၁၆ နှစ်အရွယ် ခံစစ်မှူး အမာရာ နယ်လိုကို ခေါ်ယူဖို့လည်း စကားပြောနေပါတယ်။
နိုင်ယာနီဟာ မနှစ်ကရာသီ ယူ-၁၈ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပုံမှန် ပါဝင်ကစားထားသူပါ။ သူဟာ လီဗာပူး ယူ-၁၈ အသင်းထံ တိုက်ရိုက် ပူးပေါင်းဖွယ် ရှိပါတယ်။
အသင်း အကယ်ဒမီဟာ လီဗာပူးနဲ့ မာဆေးဆိုဒ် ဒေသတွင်းက လူငယ်တွေကိုပဲ ပျိုးထောင်ပေးတာထက် နိုင်ငံတဝန်းနဲ့ ဥရောပ ထိပ်တန်းလိဂ်တွေမှ ထူးချွန် လူငယ်တွေကို လိုက်လံ ခေါ်ယူကာ လူငယ်အသင်းတွေကို အဆင့် မြှင့်တင်မှုတွေ ပြုလုပ်လာနေပါတယ်။
လီဗာပူးအသင်းဟာ ဒီနှစ်နှစ်အတွင်းမှာ အခြားသော ကလပ်တွေမှ ကြယ်ပွင့် အချို့ကို ခေါ်ယူ စုဆောင်းထားနိုင်ပါတယ်။ ရာသီကြို ခရီးစဉ်မှာတော့ ၂၀၂၁ နွေက နယူးကာဆယ်ကနေ ခေါ်ယူထားတဲ့ ဘော်ဘီကလက်နဲ့ မနှစ်ကနွေမှာ ဆဲလ်တစ်ကနေ ခေါ်ယူထားတဲ့ ဗန်ဒုတ်တို့ကို စီနီယာအသင်းနဲ့ ပါဝင်ထားစေတာ ဖြစ်ပါတယ်။