NEWS: အမ်ဘာပေကို လီဗာပူးအသင်း အငှားခေါ်ယူမယ်ဆိုတဲ့ ကိစ္စ ကလော့ပ် ထွက်ရှင်း

ဒီရက်တွေမှာ လီဗာပူးအသင်းက အမ်ဘာပေကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ စကားပြောနေကြောင်း ကောလဟာလတွေကို ပြင်သစ်သတင်းတွေအား ကိုးကားပြီး အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာနေပါတယ်။

စာချုပ် ၁ နှစ်ပဲကျန်တဲ့ အမ်ဘာပေအတွက် လုပ်ခပိုင်း သက်သာအောင်နဲ့ အငှားကြေးရဖို့ ပီအက်စ်ဂျီဘက်က ကမ်းလှမ်းမှုတွေကို လက်ခံသွားမယ်လို့ ဖော်ပြနေတာပါ။ အမ်ဘာပေဟာ ၂၀၂၄ နွေမှာ ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ထံ ကူးပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူထားတယ်လို့ ပဲရစ်ကလပ်က ယုံကြည်ထားပါတယ်။

ဂျာမနီသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ကလော့ပ်ကပဲ ရယ်ရယ်မောမောဖြင့် အမ်ဘာပေလို စျေးကြီးလွန်သူကို လီဗာပူးအသင်း မခေါ်နိုင်ပါဘူးလို့ ပြောလာခဲ့ပါတယ်။

“ အမ်ဘာပေ အပြောင်းအရွှေ့ သတင်းကြားတော့ ကျနော်တို့ ရယ်မိပါတယ်။ အမ်ဘာပေက ကစားသမားကောင်းပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး အခြေအနေက သူဟာ လီဗာပူးနဲ့ သင့်လျော်သူ မဟုတ်ပါဘူး။

အပြောင်းအရွှေ့ ပုံပြင်တွေ ဖန်တီးနေကြတာကို ကျနော်ဘက်က ဖျက်လိုဖျက်ဆီး ပြုလုပ်လိုစိတ် မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အမ်ဘာပေအတွက် ကြိုးစားနေခြင်း မရှိပါဘူး ” လို့ နည်းပြကလော့ပ်က ပြောဆိုခဲ့တာပါ။

လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်မှူးသစ် အင်အားဖြည့်ဖို့ လိုအပ်နေတာဖြစ်ပြီး ဆောက်သမ်တန်မှ လာဗီယာကို ဒုတိယအကြိမ် ကမ်းလှမ်းထားပါတယ်။ မကြာခင်မှာ ဗဟိုခံစစ်မှူးသစ် တစ်ဦး ခေါ်ယူမှု ရှိလာမယ် မျှော်လင့်ထားရတယ်။

ဒီနွေမှာ ကစားသမား ရောင်းချမှုကနေ ပေါင် ၅၂ သန်းရထားတဲ့ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့အတွက် ပေါင် ၉၅ သန်း ထုတ်သုံးထားပါတယ်။