အန်ဒရီကို ချိတ်ဆက်ခြင်းက သီယာဂိုနေရာ အစားထိုးဖို့ဖြစ်ကာ နံပါတ် ၆ နေရာ ခေါ်ယူဦးမည်

လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၁ သန်းဖြင့် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးခဲ့သလို ဘရာဇီး ကွင်းလယ်လူ အန်ဒရီအတွက် ချဉ်းကပ်မှုလည်း စတင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အတွေ့အကြုံရှိ အသက် ၁၉ နှစ်အရွယ် လာဗီယာကို ဖာဘင်ညိုနဲ့ ဟန်ဒါဆန် ထွက်ခွာသွားတဲ့ ကွင်းလယ်ခံစစ်အတွက် ချိန်ရွယ်လာခြင်း ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်က လီဗာပူးထံ ပြောင်းလိုပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးဘူးဖြစ်နေပါတယ်။

လီဗာပူးဘက်က လာဗီယာအတွက် ဆက်လက် စကားပြောနေပြီး ညိနှိုင်းမှု ထပ်လုပ်ဖွယ် ရှိနေသေးကာ တချိန်တည်းမှာပဲ ဘရာဇီးကလပ် ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီကို စတင် ချိတ်ဆက်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အန်ဒရီက ကွင်းလယ် နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေကို ကစားကာ လာဗီယာနဲ့ အတော်လေး ကွဲပြားတဲ့ ကစားဟန်မျိုး ရှိထားပါတယ်။ လီဗာပူးဘက်က ပေါင် သန်း ၂၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းဖို့ဖြစ်ကာ ထပ်တိုးကြေးတွေ ပါနိုင်ပါတယ်။

အန်ဒရီက ဒီနွေမှာတင် လီဗာပူးထံ ပြောင်းလာဖို့ အဆင်ပြေပေမယ့် ဖလူမီနက်စ် အသင်းကတော့ ကမ်းလှမ်းမှုကို လက်ခံပြီး ဇန်နဝါရီစျေးကွက်မှ ကစားသမားကို ထွက်ခွင့်ပေးဖို့ ဆန္ဒရှိကြောင်း အသင်းနဲ့ နီးစပ်တဲ့ The Times သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

ကွင်းလယ်လူ အန်ဒရီအတွက် ကြိုးစားနေခြင်းဟာ အသင်း လိုအပ်နေတဲ့ ကွင်းလယ် နံပါတ် ၆ နေရာအတွက် လာဗီယာကို မရခဲ့ရင် ဆိုတာထက် ၂၀၂၄ နွေမှာ စာချုပ်ကုန်မယ့် သီယာဂိုနေရာ အစားထိုးဖို့ ကြိုတင် ပြင်ဆင်လိုခြင်းလို့ နားလည်ရပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ် နံပါတ် ၆ နေရာအတွက် လာဗီယာကို ခေါ်ယူဖို့ဖြစ်ပြီး ဘယ်ဂျီယံသားအပြင် အတွေ့အကြုံရှိ နောက်ထပ် ကွင်းလယ်လူ တစ်ဦးနဲ့ ဗဟိုခံစစ်မှူးသစ် တစ်ဦး စုစုပေါင်း လူသစ် ၃ ဦးကို လက်ရှိ စျေးကွက်ကနေ ခေါ်ယူဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။