မာကာ ဒဏ်ရာရခြင်း အပါအဝင် ခံစစ်ပိုင်း အားနည်းခဲ့လို့ အိပ်ပေါက်နဲ့ ဖားကောက်ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် ပွဲမှ ပြောစရာ အချက်များ

စင်္ကာပူမှာ ခြေစမ်းခဲ့ကြတဲ့ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်ကတော့ ၃-၄ ဖြင့် ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အသင်းဟာ အင်္ဂလန်ကို ပြန်လာပြီး ရာသီကြိုအတွက် နောက်ဆုံး ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားပါမယ်။ ပွဲနဲ့ ပတ်သက်လို့ ပြောစရာလေးတွေ ရှိနေပါတယ်။

အဓိက ကွင်းလယ်အတွဲ ထုတ်သုံးခြင်း

ညာခြမ်း ခံစစ်မှူးနေရာကို လှည့်သုံးနေတာကလွဲလို့ ကျန် ၃ နေရာက ထရန့်၊ ရိုဘို၊ ဗန်ဒိုက်တို့ ပင်တိုင်ဖြစ်ပါတယ်။ တိုက်စစ်ကလည်း ၅ ဦးလောက် ရှိနေလို့ မျိုးစုံအောင် ကုလားဖန်ထိုးနေတာပါ။ ဒီပွဲမှာ အဓိက စောင့်ကြည့်ခဲ့ရတာက တောင့်တင်းတဲ့ ကွင်းလယ်မှာ ဆိုဘို၊ မာကာ၊ ဂျုံးတို့ကို ပထမဆုံး အကြိမ် တွဲဘက်မှု ဖြစ်ပါတယ်။

ကွင်းလယ် ၃ ယောက်လုံးဟာ သူ့အပိုင်းနဲ့သူ တာဝန်ကျေပါတယ်။ ကာတစ်ဂျုံးကလည်း ဘောလုံးပေးချက်တွေ အများကြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူတာဝန်ယူရတာက ကွင်းလယ်ခံစစ်ဖြစ်ပြီး ဘောလုံး လုယူမှုတွေတော့ တော်တော်လေး ကျရှုံးခဲ့ပါတယ်။ ဂျူံးဟာ ကွင်းလယ် အတွင်းလူနေရာ တာဝန်ယူဖို့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

တည်ငြိမ်တဲ့ ဗန်ဒိုက်နဲ့ အယ်လီဆန်

ဗန်ဒိုက်ရဲ့ လီဗာပူး အသင်းခေါင်းဆောင် ရာထူးကို တရားဝင် ရပြီးနောက် ပထမဆုံး ပွဲစဉ်ဖြစ်ပါတယ်။ ဗန်ဒိုက်က ပိုပိုပြီး ကောင်းလာပါတယ်။ ဒီပွဲဟာ သူ့ထံကနေ အကောင်းဆုံး ခုခံမှုနဲ့ ဦးဆောင်ပေးမှုကို မြင်ရတဲ့ ပွဲပါပဲ။ မာတစ်နဲ့ ထရန့်တို့ အမှားများသလောက် ဗန်ဒိုက်နဲ့ ဘယ်ခြမ်းကတော့ တော်တော်လေး ငြိမ်ပါတယ်။

နောက်ဆုံး မိနစ်မှာ ၃ ကြိမ်လောက် ကာကွယ်ခဲ့တာက အယ်လီဆန်ရဲ့ အကောင်းဆုံး အခိုက်အတန့် ဆိုပေမယ့် သူက တစ်ပွဲလုံးမှာ ကာကွယ်မှု ၆ ကြိမ်လောက်ကို ကောင်းကောင်းကြီး လုပ်ပြခဲ့တာပါ။ သူတို့ နှစ်ဦးဟာ ရာသီသစ်အတွက် အဆင်သင့် ဖြစ်နေတာ သေချာပါတယ်။ ခံစစ်ကတော့ သူတို့မှ မကောင်းရင်း အတော် ပျားတုပ်ဖွယ်ပါပဲ။

မယ်ကယ်လစ္စတာ ဒဏ်ရာရခြင်း

ပထမပိုင်း ၄၅ မိနစ် ပြီးခါနီးမှာ မာကာ ဒဏ်ရာရခဲ့ပါတယ်။ ဒူးကို ထိမိတာလို့ ယူဆရပြီး ထုံးစံအတိုင်း နောက်ထပ် ၂၄-၄၈ နာရီလောက်မှ ဒဏ်ရာအကြောင်း သိရပါလိမ့်မယ်။ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ပြီး သူ သီတင်းပတ် နည်းနည်း မကစားနိုင်ရင်တော့ ကွင်းလယ် နံပါတ် ၈ နေရာအတွက် ဂက်ပို၊ အယ်လီးယော့၊ ဂျုံးတို့ ရွေးချယ်စရာ ရှိပါတယ်။ မာကာနဲ့ သီယာဂို ကြံ့ခိုင်နေဖို့ မျှော်လင့်ပါတယ်။

ရွေးချယ်စရာ များလွန်းတဲ့ တိုက်စစ်

တိုက်စစ်ကတော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ ဆာလာ၊ ဒါဝင်၊ ဂက်ပို၊ ဒီယက်ဇ်၊ ဂျိုတာ ဘယ်အတွဲထုတ်ထုတ် အမာခံ ပရိသတ်တွေ ရှိနေမှာပါ။ ၂ ပွဲလောက် မကောင်းရင်တော့ အရန်ခုံ ထိုင်ရမှာပါပဲ။ လူစားဝင်ခဲ့တဲ့ ဗန်ဒုတ်ကလည်း တော်တော်ကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဒါဝင် အပိုင်ဘောတွေကို ဖြုန်းတီးခဲ့သလို တချို့ အခွင့်အရေးတွေက သူ အသုံးချဖို့ ခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဆာလာကတော့ ဖန်တီးသူအဖြစ်လည်း ကောင်းနေဆဲပါပဲ။ သူ့ရဲ့ ပြေးအား နည်းနည်းကျလာတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် အဖွန်ဆိုနဲ့ ယှဉ်ပြေးရတာဆိတော့ ခက်ခဲပါတယ်။

လူငယ်တွေကို တာဝန်ယူစေမှု

ဒီပွဲမှာ သဘောကျစရာ အချက်ကတော့ ၃-၂ နဲ့ နိုင်နေတဲ့ နောက်ဆုံး ၁၅ မိနစ် ကျန်ချိန်မှာ လူငယ်တွေချည်း လူစားလဲခဲ့တာကိုပါ။ ရလဒ်ဟာ အချိန်မရွေး ခြေပဂိုး ပေးရနိုင်သလို ရှုံးလည်း ရှုံးသွားနိုင်ပါတယ်။ ဒါပေမယ့် နည်းပြအဖွဲ့က ကြိုတင် စီစဉ်ထားတဲ့ ပွဲမိနစ်တွေကိုပဲ ကစားစေခဲ့ပါတယ်။

၁၅ မိနစ်စာကို အနိုင်ရလဒ်နဲ့ ထားပေးခဲ့မယ် မင်းတို့ စွမ်းသလောက် တာဝန်ယူကြည့်ကြဆိုပြီး လူငယ်တွေရဲ့ ပုခုံးပေါ် ဖိအားတစ်ခု ထည့်ပေးလိုက်တာဟာ ခြေစမ်းပွဲမှာ သူတို့အတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။